စစ်ကောင်စီက ပို့ကုန်ရငွေကို ကျပ်ငွေဖြင့်လဲလှယ်ပေးရမှု ၃၅ ရာခိုင်နှုန်းသို့ ဖြေလျှော့

By 001(မဇ္စျိမ)
07 December 2023
စစ်ကောင်စီက ပို့ကုန်ရငွေကို ကျပ်ငွေဖြင့်လဲလှယ်ပေးရမှု ၃၅ ရာခိုင်နှုန်းသို့ ဖြေလျှော့

ပို့ကုန်တင်ပို့မှုမှရရှိသောငွေကို စစ်ကောင်စီသတ်မှတ်ဈေးဖြင့် ကျပ်ငွေသို့ ပြန်လည်လဲလှယ်ပေး ရမှုအား ၅၀ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းသို့ ဖြေလျှော့လိုက်ကြောင်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ် ၏ ဒီဇင်ဘာလ ၆ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ပို့ကုန်သမားများအနေဖြင့် ၂၀၂၂ ခုနှစ် ဩဂုတ်လမှစပြီး ပို့ကုန်မှရရှိသည့် နိုင်ငံခြားငွေ၏ ၆၅ ရာခိုင်နှုန်းကို စစ်ကောင်စီဗဟိုဘဏ်သတ်မှတ်ဈေးဖြင့် ပြန်လဲလှယ်ပေးရပြီး ယခုနှစ် ဇူလိုင်လတွင် ၅၀ ရာခိုင်နှုန်း၊ ယခု ဒီဇင်ဘာလ ၆ ရက်မှစပြီး ၃၅ ရာခိုင်နှုန်း ပြင်ဆင်သတ်မှတ်လိုက်ခြင်းဖြစ်သည်။

လက်ရှိတွင် ပို့ကုန်ရငွေ ၃၅ ရာခိုင်နှုန်းကို စစ်ကောင်စီဗဟိုဘဏ် သတ်မှတ်ဈေး အမေရိကန် တဒေါ်လာ လျှင် ၂,၁၀၀ ကျပ်ဖြင့် လဲလှယ်ပေးရမည်ဖြစ်ကြောင်း အမည်မဖော်လိုသည့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင် တဦးက ပြောသည်။

“ပို့ကုန်လုပ်ငန်းအတွက်တော့ နည်းနည်းအသက်ရှုချောင်သွားတာပေါ့။ ရှေ့ပိုင်းတွေမှာက လုံးဝလုပ်လို့ မရဘူး။ ဈေးကို နှစ်မျိုးစလုံးထိန်းထားတဲ့ အနေအထားဖြစ်နေတယ်။ ၅၀ ၊ ၅၀ ဆိုရင် ၅၀ ရာခိုင်နှုန်းကို ၂,၁၀၀၊ နောက်ထပ် ၅၀ ရာခိုင်နှုန်းကိုကျတော့ ၂,၉၂၀အဲ့ဒီလိုမျိုးနဲ့ သူတို့က ဖြတ်ယူတယ်။ အခုတော့ ၃၅ ရာခိုင်နှုန်းပဲ ၂,၁၀၀ နဲ့ဖြတ်မယ်။ ကျန်တဲ့ ၆၅ ရာခိုင်နှုန်းကို အပြင် importer (သွင်းကုန်သမား)တွေကို ပြန်ရောင်းလို့ရတယ်ဆိုတော့ ဈေးနည်းနည်းပိုရလာတဲ့ အနေအထားတော့ရှိတာပေါ့”ဟု ဆို သည်။

ပြီးခဲ့သော ဒီဇင်ဘာလ ၅ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံဗဟိုဘဏ်က နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း AD လိုင်စင်ရဘဏ်များအနေဖြင့် အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်နေ သည့် နိုင်ငံခြားငွေအရောင်းအဝယ်ပြုလုပ်ရာ၌ ငွေလဲလှယ်နှုန်းကို လွတ်လပ်စွာဆောင်ရွက်ရန် ထုတ်ပြန် ခဲ့သည်။

ဗဟိုဘဏ်ဦးဆောင်သည့် အဆိုပါ အွန်လိုင်းစနစ်တွင် AD လိုင်စင်ရဘဏ်များနှင့် လုပ်ငန်းရှင်များအကြား တဒေါ်လာလျှင် ကျပ် ၂၉၂၀ သတ်မှတ်ပြီး ပို့ကုန်ဝင်ငွေ၏ ၅၀ ရာခိုင်နှုန်းကိုလည်း အဆိုပါဈေးဖြင့်ပင် ဖြတ်ယူခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ ဖြေလျှော့ပေးမှုများ၊ မူဝါဒအပြောင်းအလဲပြုလုပ်လိုက်မှုများကြောင့် ပို့ကုန်ရငွေများ၊ ပြည်ပ ရောက် အလုပ်သမားများထံမှ ပြန်ဝင်လာမည့်ငွေများ၊ တရားမဝင် ဟွန်ဒီ လုပ်ငန်းဆောင်ရွက်ထားသည့် ငွေများ ပိုမိုဝင်ရောက်လာမည်ဟု စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီဇင်ဘာလ ၇ ရက်နေ့ထုတ် စစ်ကောင်စီဝါဒဖြန့် ကြေးမုံသတင်းစာမှ တဆင့်ပြောထားသည်။

“ပို့ကုန်ရငွေက ပိုရလာနိုင်ပေမယ့် နားမလည်တာက ရှေ့တခေါက်က ၅၀ ရာခိုင်နှုန်းကို သူက ၂,၁၀၀ နဲ့ ယူထားတယ်။ ပြီးတော့ အဲ့ဒီအထဲကနေ ဆီသမားတွေကို ပြန်ချပေးတယ်။ ၄၀ ရာခိုင်နှုန်းကို အဲ့ဒီထဲကနေ ပြန်ထုတ်ပေးတယ်။ အခုကျတော့ ၃၅ ရာခိုင်နှုန်း သူကယူလိုက်တယ်။ ဒါပေမဲ့ ဆီသမားတွေကို မချပေး တော့ဘူးဆိုတော့ ပို့ရတဲ့ဝင်ငွေက ပိုနည်းလာမလား၊ အပ်ချက် ပိုရှိလာမလားတော့ တချက်ကြည့်ရမယ်။ ပိုလိုအပ်ချက်ကြီးလာရင်တော့ ငွေဈေးတွေဘာတွေ ထပ်ပြီး မတည်ငြိမ်တဲ့ပုံစံရှိတယ် ခန့်မှန်းတယ်” ဟု ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်တဦးက ပြောသည်။

စစ်ကောင်စီက ပို့ကုန်လုပ်ငန်းများကို တင်းကျပ်ထားသည့်အတွက် ပို့ကုန်သမားများ လုပ်ငန်းလည်ပတ်၍ မရတော့သည့် အနေအထားအထိရောက်ရှိသွားပြီး အများစုသည် တရားဝင်လမ်းကြောင်းကို စိတ်ဝင်စားမှု မရှိတော့သည့်အတွက် ပို့ကုန်ကဏ္ဍအလွန်လျော့ကျသွားကြောင်း ပို့ကုန်၊သွင်းကုန်လုပ်ငန်း အသိုင်းအဝိုင်း မှ သိရသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပို့ကုန်၊ သွင်းကုန် ကဏ္ဍနှစ်မျိုးစလုံးတွင် မူဝါဒအပြောင်းအလဲများ ပြုလုပ်ခဲ့ပြီး ယခင်အစိုးရလက်ထက်ကဆောင်ရွက်ခဲ့သည့် ပို့ကုန်ရငွေများကိုပင် ပြန်လည်တောင်းခံခြင်း၊ လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများ ရာနှင့်ချီကာ Blacklist စာရင်းသွင်းခြင်းများ ပြုလုပ်ခဲ့သည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly