ကော့ကရိတ်မြို့ပေါ် နေရာအနှံ့ တိုက်ပွဲပြင်းထန်၊ အာရှလမ်း ယာဉ်ပိတ်ဆို့မှု ဖြစ်ပွား

By YT (မဇ္ဈိမ)
01 December 2023
ကော့ကရိတ်မြို့ပေါ် နေရာအနှံ့ တိုက်ပွဲပြင်းထန်၊ အာရှလမ်း ယာဉ်ပိတ်ဆို့မှု ဖြစ်ပွား
ပုံအညွှန်း- အာရှလမ်းမကြီးပေါ် ယာဉ်ပိတ်ဆို့မှုများနှင့် ယာဉ်မောင်းများ (ဓါတ်ပုံ- Crd)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြိို့နယ်အတွင်းရှိ စစ်ကောင်စီ အထိုင်ချရာ တပ်စခန်းနေရာများကို တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်နှင့် ဒေသခံများထံက သိရသည်။

ယနေ့ ဒီဇင်ဘာလ ၁ ရက် နံနက် ၄ နာရီ ဝန်းကျင်အချိန်မှစ၍ လှိုင်ဝအမြောက်တပ်၊ ခလရ (၉၇) အနီးတဝိုက်နေရာများ၊ ကော့ကရိတ်မြို့ပေါ်  တံတားဦးရပ်ကွက်၊ မြို့တော်ဦး၊ ဝင်းကြီး၊ ချောင်းတောင်၊ သပြေကုန်း၊ ခင်နိမ်းမူ စသည့် နေရာများရှိ စစ်ကောင်စီအထိုင်ချရာ နေရာများအား တပ်မဟာ (၆) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်ဟုဆိုသည်။

"မနက်စောစောကတည်းက ရန်သူ့ စခန်းတွေကို ဒီဘက်က အကုန်ဝိုင်းပြီး တိုက်နေပြီ။ အခြေအနေ အသေးစိတ်တော့ ပြောလို့ မရသေးဘူး အခုထိ တိုက်နေတုန်းပဲ" ဟု စစ်ရေးသတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

တိုက်ပွဲဖြစ်ပွားနေမှုများအတွင်း စစ်ကောင်စီတပ်ဖွဲ့ အထိုင်ချရာ နေရာများမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများလည်း ရှိနေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု သုံးကြိမ် ပြုလုပ်ခဲ့ကြောင်း ယနေ့ နံနက် ၁၁ နာရီအချိန် မေးမြန်းချက်အရ သိရသည်။

ပုံအညွှန်း- အာရှလမ်းမကြီးပေါ် ယာဉ်ပိတ်ဆို့မှုများနှင့် ယာဉ်မောင်းများ (ဓါတ်ပုံ- Crd)

တိုက်ပွဲများကြောင့် မြဝတီ- ကော့ကရိတ် အာရှလမ်း၊ ကော့ကရိတ်- ကျုံဒိုးလမ်း စသည့်လမ်းကြောင်းများပေါ်တွင် ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပွားနေပြီး လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများရှိနေ၍ ယာဉ်မောင်းများ ခရီးမဆက်ရဲကြကြောင်း သိရသည်။

"ကားလမ်းက အမိန့်တွေ ဘာတွေနဲ့ ပိတ်တာတော့ မဟုတ်ဘူး။ တိုက်ပွဲတွေဖြစ်နေလို့ ကားတွေက ဆက်မသွားရဲကြတော့တာ။ အာရှလမ်းမကြီးပေါ်ထိ လက်နက်ကြီး လာကျတာတွေ ရှိတယ်။ အခုထိလည်း ကားတွေ ပိတ်နေဆဲပဲ" ဟု ယာဉ်မောင်းတဦးက မဇ္ဈိမကိုပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်နေ့က KNU တပ်မဟာ (၆) ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် တာဝန်ရှိသူများက ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ စစ်ရေး၊ အုပ်ချုပ်ရေး ယန္တရားအသီးသီးရှိ ဝန်ထမ်းများအနေဖြင့် မြို့နယ်အတွင်းမှ တပတ်အတွင်း ထွက်ခွာသွားရန် သတိပေးစာထုတ်ပြန်ခဲ့သည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။       ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly