မြန်မာ၌ သောင်တင်နေသော နိုင်ငံခြားသားများအပါအဝင် နိုင်ငံသား ၁,၀၀၀ ကျော်ကို ဗီယက်နမ် ခေါ်ယူ

By Vietnam News
07 December 2023
မြန်မာ၌ သောင်တင်နေသော နိုင်ငံခြားသားများအပါအဝင် နိုင်ငံသား ၁,၀၀၀ ကျော်ကို ဗီယက်နမ် ခေါ်ယူ
Photo-AFP

ပြီးခဲ့သည့် အင်္ဂါနေ့ နံနက်ပိုင်း၌ ပထမဆုံးအသုတ် လေယာဉ်သုံးစင်း ဟနွိုင်းသို့ ဘေးကင်းစွာ ဆိုက်ရောက်ပြီးနောက်တွင် မြန်မာမှ ဗီယက်နမ်နိုင်ငံသားများကို နိုင်ငံရင်းဆီ ပြန်လည်ခေါ်ယူနေသည်မှာ ရက်ပိုင်းအတွင်း စင်းလုံးငှားလေယာဉ် ခြောက်စင်းဖြင့် ခေါ်ယူထားနိုင်ခဲ့ပြီး ဖြစ်သည်။

ထိုသို့ နိုင်ငံသားများအား ပြန်လည်ခေါ်ယူခြင်းကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနှင့် မြန်မာရှိ ဗီယက်နမ် ကိုယ်စားလှယ်ရုံးများကြား ပူးပေါင်းဆောင်ရွက်မှုဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိအထိ မြန်မာနိုင်ငံ ရှမ်းမြောက်မှ လေယာဉ် ကိုးစင်းဖြင့် ဗီယက်နမ်နိုင်ငံသား ၁,၀၂၀ ကို အလုံးစုံ အစိုးရစရိတ်ဖြင့် ခေါ်ယူထားနိုင်ပြီ ဖြစ်သည်။

နိုင်ငံတကာ သွေးစည်းညီညွတ်မှု စိတ်ရင်းစေတနာအားဖြင့် ဗီယက်နမ်နိုင်ငံသည် အီဂျစ်၊ မလေးရှားနှင့် စင်ကာပူတို့ကိုလည်း မြန်မာမှ ၎င်းတို့၏ နိုင်ငံသားများ ဘေးကင်းရာ ရောက်ရှိရေးအတွက် ကူညီထောက်ပံ့ပေးထားသည်။

ထိုသို့ ပြန်လည်ခေါ်ယူသူများမှာ အများစုသည် လူငယ်လူရွယ်များဖြစ်ပြီး ကိုယ်ဝန်သည်အမျိုးသမီးများနှင့် မွေးကင်းစကလေး အနည်းငယ်လည်း ပါဝင်သည်။ ၎င်းတို့ အများစုမှာ မြန်မာမြောက်ပိုင်းရှိ လိမ်လည်သော ကာစီနိုလုပ်ငန်းများတွင် လုပ်ကိုင်ရန် ဖြားယောင်းခံရပြီး ယင်းဒေသတွင် မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များကြား တိုက်ပွဲများ ဖြစ်ရာ အလုပ်ရှင်များက စွန့်ပစ်ထားခဲ့၍ သောင်တင်ကျန်ရစ်ကြသူများ ဖြစ်သည်။

လက်နက်ကိုင် ပဋိပက္ခများကြောင့် မြန်မာမြောက်ပိုင်းတွင် သောင်တင်နေသည့် ဗီယက်နမ်နိုင်ငံသား အတန်အသင့် ကျန်ရှိနေဦးမည်ဟု ယူဆကြောင်း မြန်မာရှိ ဗီယက်နမ်သံရုံးက ဆိုသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သံရုံးတို့သည် ဗီယက်နမ်နိုင်ငံသားများကို လျင်လျင်မြန်မြန် အတည်ပြုပြီး ဖြစ်နိုင်ငံသမျှ နိုင်ငံရင်း ပြန်ခေါ်ရန်အပြင် အသက်ဘေးမသီ ကျန်းမာစွာဖြင့် ဥပဒေအခွင့်အရေးများ အကာအကွယ် ရရှိကာ မြန်မြန်ဆန်ဆန် ခေါ်ယူနိုင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်သည်။

ဗီယက်နမ်နိုင်ငံသားများအနေဖြင့် ပြည်ပတိုင်းပြည်များတွင် ကျွမ်းကျင်မှု၊ ဘွဲ့ဒီဂရီ မလိုဘဲ လစာကောင်းကာ သက်သာသော အလုပ်ရရှိမည်ဟု အယောင်ပြ မက်လုံးပေးသည့် အလုပ်အကိုင်လိမ်လည်မှုများကို သတိရှိကြရန်လည်း သတိပေးချက် ထုတ်ထားသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required