စစ်ကောင်စီထံမှ စစ်ကူမလာသဖြင့် လက်နက်ချရခြင်းဖြစ်ကြောင်း ဗိုလ်ကြီးကောင်းမြတ်ကိုပြော

By ဂျူချန်း(မဇ္ဈိမ)
16 November 2023
စစ်ကောင်စီထံမှ စစ်ကူမလာသဖြင့် လက်နက်ချရခြင်းဖြစ်ကြောင်း ဗိုလ်ကြီးကောင်းမြတ်ကိုပြော

လွိုင်ကော်တက္ကသိုလ်ဝန်းအတွင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက် ခံရပြီး ခမရ(၄၂၅)မှ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးအပါအဝင် တပ်ရင်းတရင်းလုံး သေဆုံးခဲ့ပြီး တပ်ရင်း(၆) မှတပ်သား တချို့တဝက်သေဆုံးပြီးနောက် စစ်ကောင်စီကို စစ်ကူတောင်းသော်လည်း စစ်ကူမရောက်လာသဖြင့် လက်နက်ချလိုက်ရခြင်းဖြစ်ကြောင်း KNDF မှ ထုတ်ပြန်ထားသည့် ရုပ်သံဖိုင်တွင် ဗိုလ်ကြီး ကောင်းမြတ်ကိုက ပြောဆိုထားသည်။

“နှစ်ရင်းပေါင်း တပ်ရင်းမှူးတွေရော၊ ဒုတပ်ရင်းမှူးတွေရော ကျသွားပြီပေါ့နော်၊ ကျနော်ဦးစီးပြီးတော့ အကောင်းဆိုလို့ လေးယောက်လောက်ပဲ ရှိတော့တာ။ ကျန်တဲ့လူတွေက လူနာတွေဖြစ်နေပြီ။ အဲဒီချိန်က စပြီးစစ်ကူတွေတောင်းတာ။ ဒါပေမယ့် ညနေသုံးနာရီအထိ ပေါ်မလာဘူး။ ကျနော်လည်း ကိုယ့်အဖွဲ့ အစည်းက ကိုယ့်အပေါ်ကို ဒီလောက်တောင်မှ မဖြစ်ပေးနိုင်ဘူးလားဆိုပြီး လက်နက်ချဖို့ ဆုံးဖြတ်လိုက် တာပါ” ဟု ဗိုလ်ကြီး ကောင်းမြတ်ကို ကပြောသည်။

လွိုင်ကော်တက္ကသိုလ်ဝန်းအတွင်း နိုဝင်ဘာလ ၁၃ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားပြီး နှစ်ရက်အတွင်း တပ်မ (၆၆) လက်အောက်ခံ တပ်ရင်းမှူး နှင့် ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်သား ၁၁၀ ကျော် သေဆုံး ပြီးနောက် စစ်ကောင်စီကို စစ်ကူတောင်းသော်လည်း ရောက်မလာသဖြင့် ခမရ(၆) မှ တပ်ခွဲမှူး ဗိုလ်ကြီး ကောင်းမြတ်ကို ဦးစီးသည့် စစ်ကောင်စီတပ်သား ၃၂ ဦး သည် နိုဝင်ဘာ ၁၄ ရက်နေ့ ညနေ ၄ နာရီခွဲခန့် တွင် လက်နက်ချအညံ့ခံလိုက်ခြင်းဖြစ်သည်။

လက်နက်ချလာသည့် စစ်ကောင်စီတပ်သားများကို ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ဆေးကုသမှုပေးကာ ကောင်းမွန်စွာ ထိန်းသိမ်းထားရှိကြောင်း KNDF မှ ထုတ်ပြန်ထားသည်။

ယင်းအပြင် လွိုင်ကော်တွင် ကျန်ရှိနေသည့် စစ်ကောင်စီတပ်သားများအနေဖြင့် တဦးချင်းဖြစ်စေ၊ တပ်ရင်းလိုက်ဖြစ်စေ ပြည်သူနှင့် ပူးပေါင်းရန် ဆန္ဒရှိပါက 09795946616 singnal နံပါတ် သို့မဟုတ် ၎င်း၏ မက်ဆင်ဂျာ သို့ ဆက်သွဘ်နိုင်ကြောင်း KNDF ဒုစစ်ဦးစီးချုပ် မာဝီက ဖိတ်ခေါ်ထားသည်။

video- KNDF

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required