မိုးဗြဲ-လွိုင်ကော်လမ်းပိုင်း  ၅ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေ

By ဂျူချန်း (မဇ္ဈိမ)
25 July 2023
မိုးဗြဲ-လွိုင်ကော်လမ်းပိုင်း  ၅ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေ

ရှမ်း-ကရင်နီပြည်နယ်အစပ် ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော်လမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ကြား ငါးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေကြောင်း ဖယ်ခုံ PDF တပ်ရင်း(၂)၊ တပ်ရင်းအမှတ်(၁၀၀၆) ပြန်ကြားရေးတာဝန်ခံထံမှ သိရသည်။

“ဖယ်ခုံကနေ ဆင်းလာတဲ့အဖွဲ့တွေပါ၊ တပ်မ(၅၅)အဖွဲ့ပေါ့။ ဖယ်ခုံကနေ မိုးဗြဲမှာ တစ်ညအိပ်တယ်၊ ပြီးတော့မှ မိုးဗြဲကနေ ဆက်ဆင်းလာတယ်။ ခြေလျင်နဲ့တစ်ဝက်လာပြီးတော့မှ ကားတွေက အနောက်ကနေ လိုက်လာတယ်။ ဆောင်ကန်းမှာရောက်တော့ ကျနော်တို့နဲ့ ထိတွေ့မှုဖြစ်တာ နှစ်ရက်၊ သုံးရက်ရှိပြီပေါ့” ဟု ဖယ်ခုံ PDF တပ်ရင်း(၂)၊ တပ်ရင်းအမှတ်(၁၀၀၆) ပြန်ကြားရေးတာဝန်ခံ ကိုပီတာ က မဇ္ဈိမ ကိုပြောသည်။

ဇူလိုင်လ ၂၁ ရက်နေ့ တွင် မိုးဗြဲ-လွိုင်ကော် လမ်းမကြီးအတိုင်း ဆင်းလာသည့် အင်အား ၁၀၀ ဝန်းကျင်ခန့်ပါသည့် တပ်မ(၅၅)မှ စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၂၂ ရက်နေ့တွင် ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ကန်းကျိုင်းရွာဘုန်းကြီးကျောင်းနှင့် ဆောင်ကန်း(ရှမ်း)ရွာ တို့တွင် တပ်စွဲထားကြောင်း သိရသည်။ 

ထိုဇူလိုင် ၂၂ ရက်နေ့တွင်ပင် လွိုင်ကော်အမြောက်တပ်၊ မိုးဗြဲအခြေစိုက် ခမရ (၄၂၂) တပ်ရင်း (ရေကာတာတပ်) တို့မှ လက်နက်ကြီးပစ်ခတ်သံများကြောင့် မိုးဗြဲမြို့အရှေ့ဘက်ရှိ ကျေးရွာတစ်ရွာမှ အသက် ၆၈ နှစ်အရွယ် အဘွားတစ်ဦး နှလုံးရပ်သေဆုံးခဲ့ကြောင်း ကိုပီတာက ပြောသည်။

ထိုနေ့တွင်ပင် မိုးဗြဲ-လွိုင်ကော်လမ်းပိုင်းရှိ ဆောင်ကန်း(ရှမ်း)ကျေးရွာအနီးတွင် ဖြတ်သွားသည့် ရေသန့်တင်သည့်ကားတစ်စီးအား စစ်ကောင်စီမှ ပစ်ခတ်ခဲ့ပြီး အရပ်သား ကားသမားနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကာ ထိုနေ့ညတွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၂၃ ရက်နေ့၌ လမ်းမပေါ်တွင် ကျန်ခဲ့သည့် ကားကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ယူဆောင်ရန် သွားခဲ့သော်လည်း စစ်ကောင်စီတပ်နှင့် ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့ရာ ကားကို ပြန်လည်ယူဆောင်နိုင်ခြင်းမရှိဘဲ ဖယ်ခုံ PDF တပ်ရင်းအမှတ်(၁၀၀၆)မှ ရဲဘော် နှစ်ဦးနှင့်မြို့ပြတော်လှန်ရေးတပ်ဦး(URF)မှ ရဲဘော်တစ်ဦး ခြေထောက်တွင် မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၂၄ ရက်နေ့နံနက် ၁၀နာရီခွဲခန့်တွင်လည်း စစ်ကောင်စီတပ်စွဲထားသည့် နေရာကို ကာကွယ်ရေးပူးပေါင်းတပ်များမှ တိုက်ခိုက်ခဲ့ရာ ညနေ ၅နာရီခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ သုံးဦးထက်မနည်း ထိခိုက်ခဲ့သလို ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။

“စစ်ကောင်စီဘက်က ကျနော်တို့ကိုယ်တွေ့ ရဲဘော်တွေ မျက်မြင်ကိုယ်တွေ့ ကျဆုံးတာ၊ လူဆွဲနေတာတွေ့တယ်ပေါ့နော်၊ ဒဏ်ရာရတဲ့ စစ်သားတွေကို ဆွဲနေတာတွေ့တယ်။ မျက်မြင်အနေနဲ့ စစ်-တွေ လူဆွဲနေတာ သုံးလေးယောက်တော့ တွေ့တယ်ဗျ” ဟု ကိုပီတာက ပြောသည်။

ထိုစစ်ကြောင်း၏ အချို့တစ်ဝက်သည် လွိုင်ကော်မြို့ဘက်သို့ ဆက်လက်ဆင်းသွားပြီး အချို့တစ်ဝက်သည် ၎င်းတို့ ယခင် တပ်စွဲခဲ့ဖူးသည့်နေရာ ဆောင်ကန်းကျေးရွာ အရှေ့မြောက်ဘက်၌ ဆက်လက်တပ်စွဲထားရာ ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့အထိ ဖယ်ခုံPDF တပ်ရင်း(၂)၊ KNDF B03၊ မြို့ပြ တော်လှန်ရေးတပ်ဦး (URF) တို့နှင့် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

“တစ်ဝက်က လွိုင်ကော်ကို ဆက်ဆင်းတယ်၊ တစ်ဝက်က မြောက်ဘက်ကို စစ်ကြောင်းထိုးလာတယ်၊ မနေ့ည(ဇူလိုင်၂၄) ၆နာရီခွဲလောက်အထိ ကားအစီး ၃၀ကျော် လွိုင်ကော်ဘက်ကို ဆင်းသွားတာတွေ့တယ်၊ တချို့ကလည်း ရိက္ခာတင်ကားလို့ ပြောတယ်၊ အဲ့ကားတွေကကျတော့ ဖရူဆိုဘက်ကို ထွက်မယ်လို့ ကျနော်တို့ ကြားသိရတယ်။ လက်ရှိ မြောက်ဘက်စစ်ကြောင်းထိုးလာတဲ့အဖွဲ့က ကျနော်တို့ သုံးဖွဲ့ ပူးပေါင်းအဖွဲ့ကို ထိုးစစ်ဆင်ချင်တဲ့ သဘောမျိုး၊ သူတို့အရင်ထိုးခဲ့ဖူးတဲ့ နေရာဟောင်းမှာ စစ်ကြောင်းထိုးတက်လာပြီး နေရာယူထားတယ်၊ ဒီမနက်အထိ တပ်စွဲထားတာကို ကျနော်တို့ တွေ့ရတယ်” ဟု ကိုပီတာက ပြောသည်။

လက်ရှိ စစ်ကောင်စီနေရာယူထားသည့် စခန်းသည် ယခင်တပ်စွဲခဲ့ဖူးသည့် နေရာဖြစ်သဖြင့် ကတုတ်ကျင်းများနှင့် အကာအကွယ်များ အခိုင်အမာရှိသောကြောင့် ဒေသကာကွယ်ရေးတပ်အနေဖြင့် နယ်မြေကျွမ်းသော်လည်း ဝင်ရောက်တိုက်ခိုက်သည့်အခါတွင် စစ်ကောင်စီတပ်မှ ပုံမှန်အနေအခြေအနေထက် ထိခိုက်မှု နည်းနေရာ အားရကျေနပ်မှုမရှိကြောင်း ဆိုသည်။

ဆောင်ကန်းကျေးရွာရှိ ဒေသခံများသည် ယခင်ကတည်းက စစ်ဘေးရှောင်နေကြပြီး  လွိုင်ကော်-မိုးဗြဲ နှင့် လွိုင်ကော်-ဆီဆိုင် ကားလမ်းမကြီးတစ်လျှောက်တွင် စစ်ကောင်စီတပ်သားများ သွားလာလှုပ်ရှားနေသဖြင့် ဒေသခံများအနေဖြင့် ထိုလမ်းပိုင်းတွင် သွားလာခြင်းမပြုလုပ်ကြရန် တော်လှန်ရေး အင်အားစုများမှ သတိပေးထားကြသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required