လွိုင်ကော်အနီးတဝိုက် စစ်ဇုန်အဖြစ်ပြောင်းလဲလာနိုင်သည့်အတွက် နေရာပြောင်းရွှေ့ခိုလှုံနိုင်ရေး အသင့်ပြုလုပ်ထားရန် IEC အသိပေး

By 001(မဇ္စျိမ)
12 November 2023
လွိုင်ကော်အနီးတဝိုက် စစ်ဇုန်အဖြစ်ပြောင်းလဲလာနိုင်သည့်အတွက် နေရာပြောင်းရွှေ့ခိုလှုံနိုင်ရေး အသင့်ပြုလုပ်ထားရန် IEC အသိပေး

လွိုင်ကော်မြို့အနီးတဝိုက်သည် စစ်ဇုန်အဖြစ်ပြောင်းလဲလာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် ပိုမိုဘေးကင်းလုံခြုံသည့် နေရာများသို့ ပြောင်းရွှေ့ခိုလှုံနိုင်ရေး အဆင်သင့်ပြုလုပ်ထားကြရန် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC က ယမန်နေ့ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်သည်။

ယမ​န်​နေ့ နံနက်ပိုင်းကစပြီး ကရင်နီပြည်အတွင်းရှိ တပ်ပေါင်းစုများနှင့် မဟာမိတ်အဖွဲ့များက ၁၁၁၁ စစ်ဆင်ရေးကို ပူးပေါင်းဖော်ဆောင်ခဲ့ကြပြီး တရက်တည်း ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့ရှိ တပ်စခန်းများအပါအဝင် မိုးဗြဲမြို့နှင့် လွိုင်ကော်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ စခန်း ခုနစ် ခုကို တိုက်ခိုက်သိမ်းပိုက်ထား​ကြောင်း သိရသည်။

လွိုင်ကော်မြို့အနီးတဝိုက်နှင့် ဆက်စပ်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုများဖြစ်သည့် ချိကယ်၊ နွားလဝိုး၊ နိုးကိုး၊ ဒေါပေါ်ကလဲနှင့် ကုန်းသာကျေးရွာအုပ်စုတို့အပြင် မိုးဗြဲမြို့တို့တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်း IEC က ဆိုသည်။

ထို့ကြောင့် ဒေသခံများအနေဖြင့် တနိုင်တပိုင် စားနပ်ရိက္ခာနှင့် ဆေးဝါးများ ပြင်ဆင်ထားရှိ၍ ဘေးကင်းလုံခြုံသည့် အရပ်ဒေသများတွင် ပြောင်းရွှေ့ခိုလှုံနိုင်ရန် အဆင်သင့်ပြုလုပ်ထားကြရန်လည်း တိုက်တွန်းထားသည်။

လတ်တလောပြောင်းရွှေ့ရန် အခက်အခဲရှိနေသည့် ပြည်သူများအနေဖြင့်လည်း ပြင်ပသို့ သွားလာလှုပ်ရှားမှု မပြုလုပ်ကြရန်နှင့် နေအိမ်အတွင်းအကာအကွယ်ရှိသည့်နေရာများတွင် လုံခြုံရေးသတိဖြင့် နေထိုင်ကြရန်လည်း ဆိုထားသည်။

ပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံစွာပြောင်းရွှေ့နိုင်ရန်အတွက် သက်ဆိုင်ရာတပ်ပေါင်းစုများ၊ မဟာမိတ်အဖွဲ့များနှင့်ညှိနှိုင်းပြီး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း IEC ကအသိပေးထားသည်။

လက်ရှိ ကရင်နီပြည်နယ်တွင် စစ်​ရေးအ​ခြေအ​နေ​များ ပြန်လည်ပြင်းထန်လာလျက်ရှိပြီး စစ်​ကောင်စီတပ်ကလည်း ​လေ​ကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်​နေ​ကြောင်း သိရသည်။

မိုးဗြဲနှင့် လွိုင်​ကော်တ​ကြော တိုက်ပွဲများဖြစ်​ပွားနေခြင်းဖြစ်ပြီး ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းလောက်မှာလည်း လွိုင်ကော်မြို့နယ်ထဲကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ငါးကြိမ်ခန့် လာရောက်ပြုလုပ်သွားကြောင်း ဒေသခံတဦးကပြောသည်။ အသေးစိတ်အခြေအနေများကို မဇ္ဈိမ အနေဖြင့်  စုံစမ်းနေဆဲဖြစ်သည်။

ယမန်​နေ့ကမူ စစ်ကောင်စီ၏ အမျိုးအမည်မသိတိုက်လေယာဉ်တစီးကို KNDF နှင့် KA တို့မှ ပွိုင့်ဖိုက်များဖြင့် တန်ပြန်ပစ်ခတ်နိုင်ခဲ့ပြီး စစ်မြေပြင်နှင့်အဝေးတနေရာတွင် ပျက်ကျခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကထုတ်ပြန်ထားသည်။

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ လေ့ကျင့်ရေး အပေါ့စားတိုက်ခိုက်ရေးလေယာဉ်တစီး စက်ချို့ယွင်းပြီးပျက်ကျခဲ့ကြောင်း ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required