ထီးချိုင့်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းမှအကြိမ်ကြိမ်တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု များပြား

By ရွှေနွယ်(မဇ္ဈိမ)
12 November 2023
ထီးချိုင့်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းမှအကြိမ်ကြိမ်တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု များပြား

စစ်ကိုင်းတိုင်း၊ ကသာခရိုင်။ ထီးချိုင့်မြို့အား စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေများစွာပြုလုပ်လျက်ရှိသောကြောင့် ထိခိုက်ပျက်စီးမှုများပြားကြောင်း ဒေသတွင်းသတင်းရင်း မြစ်များထံမှ သိရသည်။

ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့တွင်  နံနက် ၁၀ နာရီ ၉ မိနစ်၌ တကြိမ်၊ ၁၂ နာရီ ၃၀ မိနစ်နှင့် ၁ နာရီ ၅ မိနစ်တို့တွင် တကြိမ်စီဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်လျက်ရှိကြောင်း Tigyaing Revolution-TR မှ ထုတ်ပြန်ထားသည်။

ထီးချိုင့်မြို့ပေါ်၌ နိုဝင်ဘာလ ၇ ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ များကြား တိုက်ပွဲပြင်းထန်လာခြင်းဖြစ်ပြီး၊ ယင်းနောက်တွင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်လာခြင်းဖြစ်သည်။

“တမြို့လုံးတော့ ရစရာမရှိတော့ဘူး။ နေ့လည်ပိုင်းရတဲ့သတင်းအရ မြို့လယ်ခေါင်နဲ့ ရွှေစည်းခုံကို လေယာဉ်နဲ့ ဗုံးကြဲတယ်လို့ သိရတယ်။ အထကကျောင်းကြီးနဲ့ အမှတ် (၁)၊ (၃) ၊(၄) မူလတန်းနဲ့ အလယ် တန်းကျောင်းကတော့ မနေ့တည်းကပျက်သွားပြီ” ဟု ထီးချိုင့်−ပြည်သူ့ကာကွယ်ရေး ပြန်ကြားရေးမှ ယနေ့မွန်းလွဲ ၂ နာရီခန့်တွင် မဇ္ဈိမကိုပြောသည်။

နိုဝင်ဘာလ ၈ ရက်နေ့ ညနေပိုင်းမှစတင်ကာ ယနေ့ နိုဝင်ဘာ ၁၂ ရက်နေ့ထိ ထီးချိုင့်မြို့အား စစ်ကောင်စီ မှ လေကြောင်းတိုက်ခိုက်မှု ၂၅ ကြိမ်ထက်မနည်းပြုလုပ်ထားပြီးဖြစ်ကြောင်း Tigyaing Revolution-TR ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ထို့ပြင် တိုက်လေယာဉ်သုံးစီးဖြင့် နေရာခွဲကာ တပြိုက်နက် လေကြောင်းတိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့ ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုများအတွင်း အရပ်သားထိခိုက်သေဆုံးမှုများရှိသော်လည်း အရေအတွက် အတိအကျကိုမူ မဇ္ဈိမအနေဖြင့် အတည်မပြုနိုင်သေးပေ။

လက်ရှိတွင် မြို့ခံများမှာ ရှောင်တိမ်းကြပြီးဖြစ်သော်လည်း မြို့အတွင်း၌ အရပ်သားအချို့ကျန်နေသေး ကြောင်း သိရသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအတွင်း ထီးချိုင့်မြို့ရှိ MPT တာဝါတိုင် ထိခိုက်ပျက်စီးခဲ့သည့် အတွက် ယခုရက်ပိုင်းအတွင်း တယ်လီဖုန်းဆက်သွယ်ရေးလိုင်းများ ပြတ်တောက်လျက်ရှိကြောင်းလည်း ဒေသတွင်းသတင်းရင်းမြစ်များ၏ပြောဆိုချက်အရ သိရသည်။

“တခြားမြို့နဲ့မတူတဲ့အချက်က ထီးချိုင့်‌မြို့ထဲမှာ တောင်ကုန်းတွေပေါတယ်။ မြို့က ဗျူဟာကျတဲ့နေရာမှာ ရှိနေပါတယ်။ နှစ်ဖက်လုံးအတွက် အရေးကြီးဆုံးနေရာဖြစ်နေတော့ လွယ်လွယ် မကျသေးတာပါ။ သတင်းအမှားတွေအပေါ် အာရုံမစိုက်ကြပါနဲ့။ မကြာခင် အောင်သပြေနဲ့ကြိုဖို့ စောင့်နေပေးပါ။ မရမခြင်း ကြိုးစားကြမှာပါ။ တချို့က သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်နေတာပါ။

မကြာတော့ပါဘူး။ သတင်းအမှန်ကိုရရှိတာနဲ့ အမြန်ဆုံးတင်ပေးပါမယ်။ လက်ခုပ်တီးဖို့ ပြင်ထားကြပါခင်ဗျာ” ဟု မြေပြင်တွင် တိုက်ပွဲဝင်လျက်ရှိသည့် Tigyaing Revolution-TR မှ ယမန်နေ့က ထုတ်ပြန်ထားသည်။

ထီးချိုင့်မြို့တိုက်ပွဲတွင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး(ABSDF) တို့ပါဝင်ကြောင်း သိရသည်။

ထီးချိုင့်မြို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည့် ကောလင်းမြို့ကိုမူ နိုဝင်ဘာလ ၆ ရက်နေ့က အောင်မြင် စွာ သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ တရားဝင် ထုတ်ပြန်ကြေညာထားသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required