ထန်တလန်တိုက်ပွဲတွင် ချင်းပူးပေါင်းတပ်ဖွဲ့မှ ၁၃ ဦး ကျဆုံး

By ပါခွီး (မဇ္စျိမ)
29 August 2023
ထန်တလန်တိုက်ပွဲတွင် ချင်းပူးပေါင်းတပ်ဖွဲ့မှ ၁၃ ဦး ကျဆုံး
ပုံအညွှန်း-ထန်တလန်မြို့ရှိ စစ်ကောင်စီတပ်စခန်းပုံ

ချင်းပြည်နယ်၊ ထန်တလန်မြို့တိုက်ပွဲအတွင်း ချင်းပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၁၃ ဦး ကျဆုံးခဲ့ ကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) ထံမှ သိရသည်။

ထန်တလန်မြို့ရှိ စစ်ကောင်စီလက်‌အောက်ခံ ခလရ(၂၆၉)စခန်းကို ချင်းပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ ဩဂုတ်လ ၂၈ ရက်က ထိုးစစ်ဆင်တိုက်ခိုက်ရာတွင် ကျဆုံးခဲ့ခြင်းဖြစ်သည်။

“CNA က ခြောက်ယောက်၊ CDF က ခုနစ်ယောက် အားလုံး ၁၃ ယောက် ကျဆုံးပါတယ်။ လက်နက်ကြီးနဲ့ လေကြောင်းက ပစ်ခတ်မှုကြောင့်ပါ” ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကမဇ္စျိမကို ပြောသည်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဟားခါးအခြေစိုက် ‌ တပ်စခန်း မှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် ချင်းပူးပေါင်းတပ်မှ ၁၃ ဦးကျဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရရှိ ထားကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီက ဟားခါးမြို့မှ စစ်ကားသုံးစီးဖြင့် ထန်တလန်သို့  အင်အားဖြည့်တင်းထားကြောင်း လည်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ထံမှ သိရသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှလည်း သေဆုံးဒဏ်ရာရရှိသူများပြားနိုင်ပြီး လူနာတင်ကားသုံးစီးဖြင့် သယ်‌ဆောင်သွားသည်ဟု သိရသော်လည်း အရေအတွက်အတိအကျကိုမူ မသိရသေးကြောင်း ဆိုသည်။

အဆိုပါတိုက်ပွဲကို CNA နှင့်အတူ ချင်းကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော  ထန်တလန်၊ ဟာခါးနှင့် ဇိုဖေး တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်နေခြင်း ဖြစ်သည်။

ယနေ့ ဩဂုတ်လ ၂၉ ရက် နံနက်ပိုင်းတွင် ထန်တလန်မြို့အတွင်း တိုက်ပွဲများခေတ္တရပ်နားနေသော်လည်း ဆက်လက်၍ တိုက်ပွဲဖြစ်ပွားနိုင်‌သေးသည်ဟု ချင်းတပ်မတော်ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။

ဩဂုတ်လ ၁၄ ရက်နေ့က ထန်တလန်မြို့ရှိ စစ်ကောင်စီတပ်စခန်းကို CNA နှင့် ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့ပြီး နှစ်ဦးအရှင်ဖမ်းမိကာ RPG နှစ်လက်၊ MA အမျိုးအစားသုံးလက်အပါအဝင် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပြီး ချင်းပူးပေါင်းတပ်ဖွဲ့မှလည်း သုံးဦးကျ ဆုံးခဲ့သည်။

အိမ်ခြေ ၂,၀၀၀ ခန့်နှင့် လူဦးရေ ၁၀,၀၀၀ ဝန်းကျင်နေထိုင်သည့် ထန်တလန်မြို့သည် ဒုတိယသမ္မတ ဟင်နရီဗန်ထီးယူ၏ ဇာတိမြို့ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့က နေအိမ်များအား မီးရှို့ဖျက်ဆီးသဖြင့် ဒေသခံ များမှာ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသည်။

စာတည်း။        ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required