ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ၁ လအတွင်း ခရစ်ယာန်ဘုရားကျောင်း ၄  ကျောင်း ပျက်စီး

By ယောလင်းထန်း (မဇ္စိုမ)
16 August 2023
ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ၁ လအတွင်း ခရစ်ယာန်ဘုရားကျောင်း ၄  ကျောင်း ပျက်စီး

ချင်းပြည်နယ်အတွင်း  စစ်ကောင်စီတပ်၏ လေကြောင်းမှပစ်ခတ်မှု၊ လက်နက်ကြီးဖြင့်ပစ်ခတ် မှုများကြောင့် တလအတွင်း ခရစ်ယာန်ဘုရားကျောင်း လေးကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သော ဇူလိုင်လ ၁၆ ရက်နေ့က မင်းတပ်မြို့အခြေစိုက် ခလရ(၂၇၄) တပ်ရင်းမှ စစ်ကောင်စီတပ်သား များက မြို့ပေါ်ဘုရားကျောင်းတွင်ဖွင့်လှစ်ထားရှိသည့် စစ်ဘေးရှောင်စခန်း၌ခိုလှုံနေသော သင်းထောက် လူကြီးသုံးဦးကိုသတ်ဖြတ်ခဲ့ပြီး သင်းအုပ်ဆရာတော်ကိုလည်း ညှဉ်းပမ်းနှိပ်စက်ခဲ့ကြောင်း သိရသည်။

အလားတူ ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်၊ မဆာတွီကျေးရွာတွင် ဇူလိုင် ၁၈ ရက်နေ့က ဂျက်လေယာဉ်သုံးစီးဖြင့် လေကြောင်းမှပစ်ခတ်ခဲ့သဖြင့်  Believer's Church Myanmar အပါအဝင် အဆောက်အအုံအများအပြား ထိခိုက်ခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်) ခေါနူးတပ်ရင်း က သတင်းထုတ်ပြန်ထားသည်။

လွန်ခဲ့သည့် သြဂုတ်လ ၁၂ ရက်နေ့ကလည်း ဖလမ်းမြို့နယ် ရမ်ထလိုကျေးရွာ၌ လေကြောင်းမှ တိုက်ခိုက် ခံရသဖြင့် ခရစ်ယာန်ဘုရားကျောင်းနှင့် အဆောက်အအုံများထိခိုက်ပျက်စီးခဲ့ပြီး အရပ်သားခုနစ်ဦးထိ ခိုက်ဒဏ်ရာရခဲ့သည်။

ယမန်နေ့ ဩဂုတ်လ ၁၄ ရက်က စစ်ကောင်စီတပ်မှပစ်ခတ်သည့် လက်နက်ကြီးကျည်နှစ်လုံး ဟားခါး မြို့အတွင်း ကျရောက်ပေါက်ကွဲသဖြင့် ခရစ်ယာန်ဘုရားကျောင်းနှင့် သင်းအုပ်ဆရာတော်နေအိမ် ထိခိုက် ပျက်စီးခဲ့သည်။

အဆိုပါ သြဂုတ်လ ၁၄ ရက်နေ့တွင်ပင် စစ်ကောင်စီတပ်ကလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည့်အတွက် ထန်တလန်မြို့နှင့် ငါးမိုင်ခန့်ဝေးသည့် ခွါဖိုကျေးရွာမှ ခရစ်ယာန်ဘုရားကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်နေ့က စစ်ကောင်စီဥက္ကဋ္ဌမှ ပြည်ထောင်စုဝန်ကြီးများကိုခေါ်ယူတွေ့ဆုံပြီး စစ် ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့ကို ပြင်းပြင်းထန်ထန် နှိမ်နင်းရမည်ဟုပြောဆိုပြီးနောက် ချင်းပြည်နယ်အတွင်း လေကြောင်းမှတိုက်ခိုက်မှု ပိုမိုများပြားလာကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly