ကျားဖြူစစ်ကြောင်းက စစ်ပညာသင်တန်း အပတ်စဉ်(၃)ဆင်းပွဲ ပြုလုပ်

By YT(မဇ္ဈိမ)
11 November 2023
ကျားဖြူစစ်ကြောင်းက စစ်ပညာသင်တန်း အပတ်စဉ်(၃)ဆင်းပွဲ ပြုလုပ်
ဓါတ်ပုံ- ကျားဖြူတပ်ခွဲ (၄)

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်အတွင်း အဓိက စစ်ရေးလှုပ်ရှားနေသည့် ကျားဖြူစစ်ကြောင်းက ၎င်းတို့​၏ စစ်ပညာသင်တန်း အပတ်စဥ် (၃) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အပတ်စဉ် (၃) မုန်တိုင်းအပတ်စဉ်ဟု အမည်ပေးထားသည့် စစ်ပညာသင်တန်း​၏ သင်တန်းဆင်းပွဲအား နိုဝင်ဘာလ ၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းဆင်းရဲဘော်များသည် ကျားဖြူစစ်‌ကြောင်း လုံခြုံရေးတပ်ခွဲ ( Southern Eagle PDF )၊ ကျားဖြူတပ်ခွဲ (၄)၊ ကျားဖြူတပ်ခွဲ (၅) (Justice Solider PDF) တို့တွင် တာဝန်ထမ်းဆောင်ကြမည်ဖြစ်ကြောင်း သိရသည်။

" ရဲဘော်တွေရဲ့ စိတ်အားထက်သန်မှုကတော့ မပြောပြနိုင်အောင်ပါဘဲ၊ သင်တန်းမပြီးသေးဘူး ရှေ့တန်းကိုတောင်းထွက်နေလို့ ကျနော်တို့နားလည်အောင်မနည်းပြောထားရပါတယ်" ဟု ကျားဖြူတပ်ခွဲ (၄) ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကိုပြောသည်။

သင်တန်းကာလနှင့် သင်တန်းသား အရေအတွက်၊ သင်တန်းကာလ ကြာချိန်တို့အား မေးမြန်းရာ လုံခြုံရေးအရ ဖြေကြားခြင်း မပြုခဲ့ပေ။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required