ရခိုင်ကမ်းရိုးတန်း၌ လေပြင်းတိုက်ခတ်နိုင်ပြီး ဒေသ ၅ ခု မိုးကြီးနိုင်

By ဂျူချန်း(မဇ္ဈိမ)
17 November 2023
ရခိုင်ကမ်းရိုးတန်း၌ လေပြင်းတိုက်ခတ်နိုင်ပြီး ဒေသ ၅ ခု မိုးကြီးနိုင်
ပဲခူးမြို့၌ အောက်တိုဘာလ ၈ရက်က ရေကြီးနစ်မြုပ်ခဲ့စဉ်

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မစ်ဟီလီ(MIDHILI)ဆိုင်ကလုန်းမုန်တိုင်းသည်ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို ဖြတ်ကျော်နိုင်ပြီး မြန်မာနိုင်ငံဒေသအချို့၌ နေရာကွက်မိုးကြီးနိုင်ကာ ရခိုင်ကမ်းရိုးတန်း ၌ လေပြင်းသတိပြုရန် မ်ိုးဇလဌာနကယနေ့ နိုဝင်ဘာ ၁၇ ရက်နေ့ ညနေ ၄နာရီခန့်တွင်ထုတ်ပြန်သည်။

မစ်ဟီလီဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေပြီး ပိုအားကောင်းလာကာ မနက်ဖြန် နိုဝင်ဘာလ ၁၈ရက်တွင်  ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို  ခီပူပါရာမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း  ခန့်မှန်းထားခြင်းဖြစ်သည်။

မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံဒေသအများအပြား မိုးရွာနိုင်ပြီး စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သတိပေးထားသည်။

" မိုးက ညကတည်းက ရွာတယ်။ ဒီနေ့ မိုးကောင်းလာတယ်။ စစ်ဘေးရှောင်ပြည်သူတွေ ပိုပြီး အခက်ကြုံနေရပါတယ်" ဟု ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှ ဒေသခံတဦးကပြောသည်။

ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းတလျှောက် မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းကမ်းရိုးတန်းတွင် ပိုသတိထားသင့်ကြောင်း မိုးဇလဌာနညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောသည်။

“လေပြင်းကတော့ သူအလွန်ဆုံးတိုက် ၁၀ မိုင် ၁၅ မိုင်လောက်ပဲ ရှိမယ်။ အဓိကကတော့ မိုးပဲ။ မြေပြိုတာတော့မရှိနိုင်ဘူးလို့ သုံးသပ်လို့ရပါတယ်။ ပင်လယ်ထဲ မုန်တိုင်းရှိရင်တော့ ပင်လယ်ပြင်မှာ မိုးသက်မုန်တိုင်းကျပြီး လှိုင်းပြင်းမယ်ပေါ့။ ရခိုင်ကမ်းရိုးတန်းတလျှောက်ပေါ့။ မုန်တိုင်းက ဆိုင်ကလုန်းမုန်တိုင်း အမည်ပေးတဲ့အဆင့်တောင် ဝင်လာပြီးမှ နည်းနည်းအားကောင်းလာတဲ့ သဘောမှာရှိတော့ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းက သတိထားဖို့ လိုမယ်” ဟု ဦးလှထွန်းက ပြောသည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့တွင် မိုခါဆိုင်ကလုန်းမုန်တိုင်းသည် ရခိုင်ပြည်နယ်ကို ကျောက်ဖြူနှင့် စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ရာ ရခိုင်ပြည်နယ်၌ ထိခိုက်ပျက်စီးမှု အလွန်များပြားခဲ့သည်။ ထို့အပြင် ဇူလိုင်၊ ဩဂုတ်နှင့် စက်တင်ဘာလတို့တွင် မြန်မာနိုင်ငံဒေသအချို့၌ မိုးကြီးခဲ့ပြီး ပဲခူးတိုင်း၊ မွန်နှင့် ကရင်ပြည်နယ်တို့တွင် ရေဘေးကြုံတွေ့ခဲ့သည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly