ကျောက်တံခါးတွင် လူနေကျေးရွာများကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်‌နေ

By ရွှေနွယ် (မဇ္ဈိမ)
16 August 2023
ကျောက်တံခါးတွင် လူနေကျေးရွာများကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်‌နေ
ပုံအညွှန်း - နံဇရွာကို စစ်ကောင်စီက ပြီးခဲ့သည့် ဇူလိုင်လအတွင်း မီးရှို့ဖျက်ဆီးခဲ့စဉ်

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများနေထိုင်ရာကျေးရွာများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များထံမှသိရသည်။

ယမန်နေ့ ဩဂုတ်လ ၁၅ ရက်နေ့လယ်တွင် ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာနှင့် တလိုင်းခင်ကျေးရွာကို စစ်ကောင်စီက Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်သုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဟု သိရသည်။

" နံဇရွာကအိမ်တွေကို မီးရှို့ထားပြီးသားကို အခုထပ်ပြီး လေကြောင်းနဲ့ပါဗုံးကြဲဖျက်ဆီးနေတာပါ” ဟု ကျောက်တံခါးမြို့နယ် မြေပြင်သတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့က လေကြောင်းတိုက်ခိုက်မှုမှာ မွန်းလွဲ ၂နာရီခွဲမှ ၃ နာရီ ၂၃ မိနစ်အထိ ကြာခဲ့ပြီး ယင်းနောက်ပိုင်းတွင် ဒရုန်းဖြင့် ထပ်မံ ဗုံးကြဲချသွားသည်ဟု ဒေသခံများကပြောသည်။

အိမ်ခြေ ၂၀၀ ခန့်ရှိသော နံဇကျေးရွာတွင် ဩဂုတ်လ ၁၄ ရက်နေ့အထိ အိမ် ၁၁၉ လုံးကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ယခုအခါ လေကြောင်းမှ ထပ်မံဗုံးကြဲချပြီး ကျန်အိမ်များကိုဖျက်ဆီးနေခြင်းဟု သတင်းရင်းမြစ်ကဆိုသည်။

စစ်ကောင်စီသည် ကျောက်တံခါးမြို့နယ်အတွင်း၌ လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးပစ်ခတ်မှုများကိုလည်း နေ့စဉ်ပြုလုပ်နေကြောင်း သိရသည်။ ဩဂုတ်လ ၁၄ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖျံတလင်းကျေးရွာမှ ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့သည်။

ကျောက်တံခါးမြို့နယ်အတွင်း ပြီးခဲ့သည့် ဇူလိုင်လ နှင့် ယခု ဩဂုတ်လအတွင်း စစ်ကောင်စီတပ်နှင့် ဒေသတွင်းမဟာမိတ်ပူးပေါင်းတပ်များကြား ရင်ဆိုင်တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်တွင် အထိအခိုက်အကျအဆုံးများခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။အဆိုပါ တိုက်ပွဲများနှင့်ပတ်သက်၍ စစ်ကောင်စီဘက်မှ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

လက်ရှိတွင် ကျောက်တံခါးမြို့နယ်အတွင်း စစ်ရေးတင်းမာနေခြင်းနှင့် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုများကြောင့် နံဇကျေးရွာအုပ်စု၊ သမင်အင်းကုန်းကျေးရွာအုပ်စု၊ တောင်ခင်ကျေးရွာအုပ်စု၊ ကညင်ကျိုးကျေးရွာအုပ်စု၊ ဗောဓိကွင်းကျေးရွာအုပ်စုတို့မှ ပျမ်းမျှ ဒေသခံပြည်သူ ၁၀,၀၀၀ ခန့်သည် စစ်ဘေးရှောင်နေကြရကြောင်း ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှသိရသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly