စစ်ကောင်စီကို လက်နက်ရောင်းချခြင်းမရှိကြောင်း အင်ဒိုနီးရှား တုံ့ပြန်

စစ်ကောင်စီကို လက်နက်ရောင်းချခြင်းမရှိကြောင်း အင်ဒိုနီးရှား တုံ့ပြန်

မြန်မာစစ်တပ်ထံ လက်နက်ရောင်းချခဲ့တယ်ဆိုပြီး စွပ်စွဲခံရတဲ့ ကုမ္ပဏီ သုံးခုထဲက Pindad ကုမ္ပဏီဥက္ကဋ္ဌ အေဘရာဟမ် မိုဇက်က ၂၀၁၆ ခုနှစ်ကတည်းက မြန်မာနိုင်ငံကို လက်နက်ရောင်းချမှု မရှိတော့ကြောင်း၊ မြန်မာနိုင်ငံနဲ့ MOU ထိုးထားတာလည်း မရှိကြောင်းပြောပြီး၊ ဒီ စွပ်စွဲမှုတွေ မမှန်ကန်ကြောင်း ငြင်းဆိုထားတယ်လို့ ဂျကာတာပို့စ်က ဖော်ပြပါတယ်။

မြန်မာနိုင်ငံကို ကုမ္ပဏီရဲ့ ပြည်ပပို့ကုန် ဈေးကွက်အဖြစ် ဖော်ပြထားတာနဲ့ ပတ်သက်လို့လည်း၊ အမှန်တကယ် တင်ပို့မှု မရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံဘက်က စုံစမ်းမေးမြန်းမှုသာ ရှိခဲ့တဲ့အကြောင်း ဂျကာတာပို့စ်ကို ပြောပါတယ်။

နောက် ကုမ္ပဏီတစ်ခုဖြစ်တဲ့ PTDI ကလည်း စွပ်စွဲချက်တွေကို အလားတူ ငြင်းဆန်ပါတယ်။ မြန်မာအစိုးရနဲ့ တိုက်ရိုက်သော်လည်းကောင်း၊ ပုဂ္ဂလိကပိုင် မြန်မာကုမ္ပဏီတွေကို ကြားခံပြီးသော်လည်းကောင်း စီးပွားရေးဆက်ဆံမှု မရှိပါဘူးလို့ PTDI ရဲ့ဥက္ကဋ္ဌ ဂီတာ အမ်ပါ ရီယာဝမ်က ဂျကာတာပို့စ်ကို ပြောပါတယ်။

အင်ဒိုနီးရှားအစိုးရပိုင် လက်နက်ထုတ်လုပ်ရေးကုမ္ပဏီ PT Pindad၊ ရေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ PT PAL နဲ့ လေယာဉ်ထုတ်လုပ်ရေးလုပ်ငန်း PTDI (PT Dirgantara Indonesia) တို့ဟာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်နဲ့ စီးပွားရေးဆက်ဆံမှုတွေ ဆက်လုပ်နေတဲ့ အထောက်အထားတွေ တွေ့ရတဲ့အကြောင်း၊ Justice for Myanmar အဖွဲ့ရဲ့လေ့လာစုံစမ်းမှုတွေကို ထောက်ပြပြီး တိုင်ကြားစာပေးပို့ခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာအချက်အလက်ရှာဖွေရေး မစ်ရှင်အဖွဲ့မှာ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တဲ့ အင်ဒိုနီးရှားရှေ့နေချုပ်ဟောင်း မာဇူကီဒါရုစ်မန်နဲ့ လန်ဒန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Myanmar Accountability Project (MAP) အဖွဲ့၊ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) တို့ ပူးပေါင်းပြီး အင်ဒိုနီးရှားနိုင်ငံအစိုးရပိုင် လက်နက်ထုတ်လုပ်ရေးကုမ္ပဏီသုံးခုကို စုံစမ်းစစ်ဆေးပေးဖို့ အင်ဒိုနီးရှားလူ့အခွင့်အရေးကော်မရှင်ကို တိုင်ကြားစာ ပေးပို့ခဲ့တာဖြစ်ပါတယ်။

ဒီကုမ္ပဏီတွေက မြန်မာ စစ်ကောင်စီထဲက ဝန်ကြီးတယောက်ရဲ့ သားဖြစ်သူပိုင်တဲ့ TRUE NORTH ကုမ္ပဏီကို ရောင်းချပေးခဲ့တာဖြစ်တယ်လို့ တိုင်ကြားစာထဲမှာ ဖော်ပြထားတာပါ။

ဒါနဲ့ပတ်သတ်လို့မြန်မာစစ်တပ်ကို အင်ဒိုနီးရှားက လက်ရှိမှာ လက်နက်ရောင်းချ ပေးပို့ခြင်းမရှိဘူးလို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မီဒီယာတစ်ခုကို တုံ့ပြန်ဖြေကြားခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က ချမှတ်ခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် ၇၅/၂၈၇ အရ မြန်မာနိုင်ငံကို လက်နက်တွေ ထောက်ပံ့မှု တားမြစ်ထားပြီး နောက်ပိုင်းမှာ မြန်မာနိုင်ငံကို မည်သည့် ကာကွယ်ရေးလက်နက်ပစ္စည်းမှ တင်ပို့ခြင်းမရှိခဲ့ဘူး” လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဌာနက ကြေညာချက်ထုတ်ပြန်ပြီး တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုမြောက်တဲ့ ရှင်းလင်းရေး စစ်ဆင်ရေးတွေနဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းမှာတောင် စစ်လက်နက်ပစ္စည်းတွေကို ရောင်းချမှုဆက်ရှိနေတာ အင်မတန် စိုးရိမ်ပူပန်စရာ ကောင်းတဲ့အပြင်၊ အင်ဒိုနီးရှားအစိုးရရဲ့ နိုင်ငံတကာလူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဥပဒေတွေကို လေးစားလိုက်နာမှုအပေါ် သံသယဖြစ်စေတယ်လို့ တိုင်ကြားသူတစ်ဦးဖြစ်တဲ့ လူ့အခွင့်အရေး ရှေ့နေ မာဇူကီဒါရုစ်မန်က အောက်တိုဘာ ၁ ရက်နေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောထားပါတယ်။

အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ အင်ဒိုနီးရှားဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဖြစ်လာတဲ့ ပဋိပက္ခအကျပ်အတည်းတွေကို ဘုံသဘောတူညီချက် ငါးရပ်နဲ့ ဖြေရှင်းဖို့ ကြိုးစားရာမှာ အောင်မြင်မှုမရှိတဲ့အတွက် ဝေဖန်ခံနေရတာလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required