ပဲခူးတိုင်းအနောက်ခြမ်း ၊ အုတ်ဖိုမြို့နယ် ၊ ကွေ့ချောင်းကျေးရွာရှိ ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူး ဦးမျိုးဇော်အောင်သည် ယမန်နေ့ ဩဂုတ်လ ၂၆ ရက်နံနက် ၉ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ပစ်ခတ်ခံရ၍ နေရာတွင်ပင် သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါ ပစ်ခတ်မှုအား အုတ်ဖိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Okpo PDF)က ပြုလုပ်ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က သတင်းထုတ်ပြန်သည်။
ဦးမျိုးဇော်အောင်သည် စစ်ကောင်စီက သင်တန်းပေးသည့် တိုက်ခိုက်ရေးသင်တန်း(ပျူစောထီးသင်တန်း) တက်ရောက်ထားပြီးသူဖြစ်ခြင်း၊ တော်လှန်ရေးလုပ်ဆောင်နေသူများ၏ သတင်းအချက်အလက်များအား ထောက်လှမ်းကာ ဖမ်းဆီးရန်သတင်းပေးခြင်း၊ CDM ဝန်ထမ်းများအား ဖမ်းဆီးစေ၍ Non-CDM ပြန်လည်လုပ်ဆောင်စေခြင်းနှင့် ဖမ်းဆီးရာတွင် ကိုယ်တိုင်ပါဝင်ခြင်း စသည့်လုပ်ရပ်များကို လုပ်ဆောင်နေသည့် စစ်ကောင်စီထောက်တိုင်ဖြစ်သောကြောင့် ပစ်ခတ်ရှင်းလင်းခြင်းဖြစ်သည်ဟု အုတ်ဖိုပကဖက ဆိုသည်။
ဦးမျိုးဇော်အောင်အား ၎င်းဖွင့်လှစ်ရောင်းချနေသော အရက်ဆိုင်ဘေးရှိ ကွမ်းယာဆိုင်အတွင်း၌ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်မှုဖြစ်စဉ်ဖြစ်ပွားပြီးနောက် အဆိုပါ ဖြစ်စဉ်နှင့်စပ်လျဉ်း၍ တရားမဝင်အဖွဲ့အစည်းများနှင့် ပတ်သတ်နေသည်ဟုဆိုကာ အုတ်ဖိုမြို့ ချင်းစုကျေးရွာတွင် နေထိုင်သူ ကိုကျော်မင်းလွင်အား စစ်ကောင်စီတပ်ဖွဲ့နှင့်ရဲများက ယမန်နေ့ ညပိုင်းတွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း အုတ်ဖို့မြို့ဒေသခံများထံက သိရသည်။
ထို့အပြင် ကွေ့ချောင်းကြီးကျေးရွာတွင်နေထိုင်သူ ကိုအေးဆွေ၏ နေအိမ်ကိုလည်း စစ်ကောင်စီတပ်ဖွဲ့နှင့်ရဲများက ယနေ့ ဩဂုတ်လ ၂၇ ရက်တွင် လာရောက်ချိပ်ပိတ်သွားကြောင်း သိရသည်။
"သူတို့မှာလုပ်ခွင့်ရှိနေတော့ လုပ်ချင်တိုင်းလုပ်နေတာပါ။ ကိုအေးဆွေက နေအိမ်ကိုချိပ်လာပိတ်ချိန်မှာ လူကရှောင်နေတော့ အဖမ်းမခံလိုက်ရတာလို့ ကြားတယ်။ သူတို့နှစ်ဦးစလုံးက ကျွန်တော်တို့နဲ့လုံးဝကိုအဆက်အသွယ်မရှိဘူး။သိလည်းမသိဘူး” ဟု အုတ်ဖိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူ ကိုဇာမဏီက မဇ္ဈိမကိုပြောသည်။
ပဲခူးတိုင်းအတွင်း ထိုကဲ့သို့ စစ်ကောင်စီ၏ ထောက်တိုင်များ၊ စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်သူများပစ်ခတ်ခံရခြင်း၊ ပေါက်ကွဲမှုဖြစ်ပွားခြင်း စသည့်ဖြစ်စဉ်များ ဖြစ်ပွားပြီးသည့်အချိန်တိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲများက အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်ဆက်နွယ်ခြင်းမရှိသော အရပ်သားပြည်သူများကို ဖမ်းဆီးလေ့ရှိကြောင်းလည်း ပဲခူးတိုင်းတော်လှန်ရေးတပ်ဖွဲ့များနှင့် ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၁ ရက်ကလည်း PDF များမြို့ပေါ်တွင်ရောက်ရှိနေကြောင်း သတင်းရရှိသည်ဟုဆိုကာ မင်းလှမြို့နယ်မှ ဒေသခံအချို့ကို စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲများက ဖမ်းဆီးသွားခဲ့ပြီး ထိုသို့ ဖမ်းဆီးခံခဲ့ရသူများထဲမှ ကိုပတ်တီး ဆိုသူသည် ယနေ့ဩဂုတ်လ ၂၇ ရက်တွင် မင်းလှရဲစခန်းအတွင်း၌ သေဆုံးသွားပြီဖြစ်ကြောင်း ဒေသခံများထံကသိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး