ဖားကန့်တွင် စစ်ကောင်စီတပ်က ပြည်သူ ၁၀၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီး 

By အဂမ် (မဇ္ဈိမ)
26 August 2023
ဖားကန့်တွင် စစ်ကောင်စီတပ်က ပြည်သူ ၁၀၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီး 
ဓာတ်ပုံ- ဖားကန့်ဒေသ ဆိုင်းဖရာရွာသာတွေကို စစ်တပ်က ပေါ်တာစွဲသွားတုန်း ကေအိုင်အေက တိုက်လိုက်လို့ ပြန်လွတ်လာစဉ် (ပုံဟောင်း)

ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် ၊နန့်ယားကျေးရွာတွင်  ဩဂုတ်လ ၂၄ရက်၌  စစ်ကောင်စီ၏ တပ်မ (၃၃) လက်အောင်ခံ အမှတ် (၁၂) ခြေမြန်တပ်ရင်းက ပြည်သူ ၁၀၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားကြောင်း သိရသည်။

ကျောက်ထုကျေးရွာ၊ အွန်ကထောင်ကျေးရွာနှင့် ခင်တောင်ကျေရွာများမှ ဒေသခံများသည် နန့်ယားကျေးရွာတွင် စစ်ရှောင်နေစဥ် ထိုသို့ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ 

စစ်ရှောင်များအပါအဝင်  နန့်ယားကျေးရွာအထက် ဖားကန့်သွားရာလမ်းပိုင်းတွင် ပိတ်မိနေသည့် ခရီးသည်များနှင့် ယာဥ်မောင်းများလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ 

“ ဘုရားကျောင်းမှာ စစ်ရှောင်နေတဲ့သူတွေကို ဘုရားကျောင်းတံခါးတွေ ဆောင့်ကန်ဖွင့်ပြီး ခေါ်သွားတာ။ အရွယ် ကောင်းယောကျ်ားတွေ တော်တော်လေးပါသွားတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့ည ၈နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် ဖားကန့်မြို့သို့တက်လာစဥ် စုစုပေါင်း အယောက် ၁၀၀ကျော်အား ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သော ဩဂုတ်လ ၂၂ ရက်နေ့က မြစ်ကြီးနား - ဖားကန့်လမ်းပေါ်ရှိ မအူပင်ရေကာတာကျေးရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့အား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်ခဲ့သည့်အတွက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲဖြစ်ပွါးပြီးနောက် KIA က နန့်ယားအထက် ဖားကန့်သွားရာလမ်းပိုင်းတွင် ပိတ်ဆို့နေရာယူထားသည့်အတွက် လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေပြီးအဆိုပါလမ်းတလျှောက် ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားရာ နန့်ယားကျေးရွာတွင် ခရီးသည်များနှင့် ယာဉ်မောင်းများ ပိတ်မိနေခြင်းဖြစ်သည်ဟု သိရသည်။

ယနေ့နံနက်အစောပိုင်းမှစ၍  မြစ်ကြီးနားမြို့ဘက်သို့ ပြန်ဆင်းသည့် လမ်းပိုင်းကိုသာ ဖွင့်ထားပြီး ဖားကန့်ဘက်သို့တက်သည့် လမ်းပိုင်းအား လက်ရှိအချိန်အထိ ပိတ်ထားဆဲ ဖြစ်သည်ဟု သိရသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly