မုန်လိုင်ခက် စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှု အမေရိကန်နှင့် ပြင်သစ် ပြစ်တင်ဝေဖန်

By Reuters/French Ministry of Foreign Affairs
11 October 2023
မုန်လိုင်ခက် စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှု အမေရိကန်နှင့် ပြင်သစ် ပြစ်တင်ဝေဖန်
Photo - REUTERS

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီး မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းကို စစ်တပ်၏ တိုက်ခိုက်မှုကြောင့် လူ ၂၉ ဦး ထက်မနည်း သေဆုံးပြီး လူအများအပြား ထိခိုက်ဒဏ်ရာရမှု ဖြစ်စဉ်အပေါ် အမေရိကန်နှင့် ပြင်သစ်က အောက်တိုဘာ ၁၀ ရက်တွင် ပြစ်တင်ဝေဖန်သည်။

“အောက်တိုဘာ ၉ ရက်က ကချင်ပြည်နယ်၊ မုန်လိုင်ခက် ကျေးရွာအနားက စစ်ဘေးရှောင်စခန်းတခုကို မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုဖြစ်စဉ် သတင်းတွေနဲ့ပတ်သက်လို့ မိမိတို့ အလွန်တရာ စိုးရိမ်ပူပန်ရပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

“၂၀၂၁ ဖေဖေါ်ဝါရီ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူ့အသက်ပေါင်း ထောင်ချီကို ဆုံးရှုံးထားစေခဲ့သလို ဒေသရဲ့ အကြီးလေးဆုံး လူသားချင်းစာနာမှု အကျပ်အတည်းကို ဆက်လက်ပြီး ပိုပြီး ဆိုးဝါးစေလျက်ရှိတဲ့ မြန်မာစစ်အုပ်စုရဲ့ ဆက်ရှိနေဆဲ တိုက်ခိုက်မှုတွေအပေါ် မိမိတို့ ပြင်းထန်စွာ ပြစ်တင်ရှုတ်ချတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

မြန်မာတွင် ၂၀၂၁ ခုနှစ်က စစ်တပ်အာဏာသိမ်းမှုကြောင့် နိုင်ငံတဝန်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ တော်လှန်ရေး လှုပ်ရှားမှု တပ်ဖွဲ့များနှင့် အာဏာသိမ်းစစ်အုပ်စုအကြား ပဋိပက္ခတိုက်ခိုက်မှုများကို ဖြစ်ပေါ်စေပြီးနောက်ပိုင်း ယခု မုန်လိုင်ခက် စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှုဖြစ်စဉ်သည် အရပ်သားများအပေါ် လူအသေအပျောက်အများဆုံး ဖြစ်စေသည့် ဖြစ်စဉ်တခု ဖြစ်သည်။

အလားတူ အဆိုပါ မုန်လိုင်ခက် စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှုအပေါ် ပြင်သစ်နိုင်ငံကလည်း ပြင်းထန်စွာ ပြစ်တင်ဝေဖန်သည်။

အရပ်သားများအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်သည့် ယခုဖြစ်စဉ်သည် မြန်မာစစ်အုပ်စုက နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေအပေါ် လုံးလုံးလျားလျား ပမာမထားသည့် နောက်ထပ် သက်သေအထောက်အထားတခုပင် ဖြစ်ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အကြမ်းဖက်မှုတို့ ရပ်ဆိုင်းရေး၊ နိုင်ငံရေး အကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးရေး၊ သက်ဆိုင်ပတ်သက်သူအားလုံးအကြား ဆွေးနွေးမှု လုပ်ဆောင်ရေး တောင်းဆိုဖော်ပြသည့် ကုလ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၆၆၉ ကို အပြည့်အဝ အကောင်အထည်ဖော်ရေးကို ပြင်သစ်အနေဖြင့် ထပ်လောင်း တောင်းဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ပြင် ဘုံသဘောတူညီချက် ငါးရပ်မှတဆင့် မြန်မာအကျပ်အတည်းကို ပြေလည်အောင် ဖြေရှင်းရေး အာဆီယံ၏ ကြိုးပမ်းမှုများကိုလည်း ထောက်ခံကြောင်း ပြင်သစ်က ထပ်လောင်း ပြောဆိုသည်။

ဥရောပ မိတ်ဖက်များနှင့်အတူ ပြင်သစ်အနေဖြင့် မြန်မာစစ်အုပ်စုအပေါ် ဒဏ်ခတ်ပိတ်ဆို့သည့် မူဝါဒကို ဆက်လက် ကိုင်စွဲလုပ်ဆောင်သွားမည် ဖြစ်သလို စစ်အုပ်စု၏ ဖိနှိပ်မှုဒဏ်ခံရသည့် မြန်မာပြည်သူများကို လူသားချင်းစာနာမှု အကူအညီများ ဆက်လက်ပေးသွားမည် ဖြစ်ကြောင်း ပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required