မုန်လိုင်ခက်တိုက်ခိုက်မှု စစ်ခေါင်းဆောင်က “မလုပ်ရဲတာ ဘာမှမရှိ” စကားကို အကောင်အထည်ဖော် ခြင်းဟု CNF ဆို

By ပါခွီး (မဇ္စျိမ)
12 October 2023
မုန်လိုင်ခက်တိုက်ခိုက်မှု စစ်ခေါင်းဆောင်က “မလုပ်ရဲတာ ဘာမှမရှိ” စကားကို အကောင်အထည်ဖော် ခြင်းဟု CNF ဆို

ကချင်ပြည်နယ်၊ လိုင်ဇာမြို့ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းကို တိုက်ခိုက်မှုသည် စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “မလုပ်ရဲတာဘာမှမရှိ” ဟု ပြောခဲ့သည့်စကားကို လက်တွေ့ အကောင်အထည်ဖော်လိုက်ခြင်းဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)မှ အောက်တိုဘာလ ၁၁ ရက် ယမန်နေ့က ထုတ်ပြန်ထားသည်။

ယင်းသို့တိုက်ခိုက်မှုကို စက်ဆုပ်ဖွယ်ရာလုပ်ရပ်ဖြစ်ပြီး အင်မတန်ကြီးလေးသော စစ်ရာဇဝတ်မှုကို ချိုး ဖောက်ခြင်းဖြစ်သည့် လူမျိုးသုဥ်းသတ်ဖြတ်မှုဖြစ်သည်ဟု CNF က ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့က မုန်လိုင်ခက်စစ်ဘေးရှောင်စခန်းကို လေကြောင်းနှင့်လက်နက်ကြီးများဖြင့် ရည် ရွယ်ချက်ရှိရှိ အောက်တိုဘာလ ၉ ရက် ည ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် တိုက်ခိုက်ခဲ့သည့်အပေါ် CNF က အပြင်းအထန်ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဗုံးကြဲပစ်ခတ်မှုကြောင့် ကလေးသူငယ်နှင့်အမျိုးသမီးများအပါအဝင် ဒေသခံ ၃၀ ကျော် အသက် ဆုံးရှုံးခဲ့ပြီး ၅၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သဖြင့် နစ်နာသူ အပြစ်မဲ့ပြည်သူများ၊ ကချင်ပြည်သူများနှင့် အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲကြောင်း ဆိုသည်။

အကြမ်းဖက်မှုကို ကျူးလွန်နေသော စစ်ကောင်စီအုပ်စုအား နည်းလမ်းပေါင်းစုံဖြင့် ဝိုင်းဝန်းပြီး ဖယ်ကြဉ်၊ ကန့်ကွက် အပြစ်ပေးကြပါရန် CNF က တောင်းဆိုထားသည်။

ပြည်သူ၏ရန်သူဖြစ်သော စစ်ကောင်စီကို ကချင်ညီနောင်များနှင့်အတူ ဆက်လက်တိုက်ခိုက်ချေမှုန်းသွား မည်ဖြစ်ပြီး နိုင်ငံရေးခံယူချက် ဦးတည်ချက်တူသော တိုင်းရင်းသားညီနောင်မဟာမိတ်များ၊ NUG အစိုးရ ၊ နွေဦးလက်နက်ကိုင်အင်အားစုများနှင့်အတူ ပြည်သူလူထုဖက်မှရပ်တည်ပြီး အဆုံးတိုင် တိုက်ပွဲဝင်သွား မည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး၏ကြေညာချက်တွင် ဖော်ပြထားသည်။

မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းကို တိုက်ခိုက်မှုအပြီး နောက်ရက် အောက်တိုဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်နှင့် ၂ နာရီ ၅၈ မိနစ်တို့တွင် စစ်ကောင်စီက ချင်းပြည်နယ် ထန်တလန်မြို့ကို လေယာဥ် ဖြင့် နှစ်ကြိမ်ဗုံးကြဲခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

ဒေသခံများနေထိုင်ခြင်းမရှိသည့် ထန်တလန်မြို့တွင် စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များ သာနေထိုင်ပြီး ထိတွေ့တိုက်ပွဲဖြစ်ပြီးနောက် လေကြောင်းမှ နှစ်ကြိမ်၊ ဗုံးခြောက်လုံးကြဲချခဲ့သော်လည်း ထိခိုက်မှုမရှိခဲ့ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှသိရကြောင်း သတင်းရင်းမြစ်က ပြောကြားသည်။

စာတည်း။  ။စောဖေ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly