တရုတ်၀မ်ပေါင်ကုမ္ပဏီတွင် တာဝန်ကျနေသည့် ရဲတပ်သား သေနတ် ၂ လက်ဖြင့် PDF ထံ အလင်း၀င် 

By ရောင်နီ (မဇ္စျိမ)
24 August 2023
တရုတ်၀မ်ပေါင်ကုမ္ပဏီတွင် တာဝန်ကျနေသည့် ရဲတပ်သား သေနတ် ၂ လက်ဖြင့် PDF ထံ အလင်း၀င် 
ပုံအညွန်း - သေနတ်နှစ်လက်ဖြင့် ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်လာသည့် ရဲတပ်သား။ (ပုံ - ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတဦး  သေနတ် နှစ်လက်ဖြင့် ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်း၀င်လာကြောင်း သတင်းရရှိသည်။

ဆားလင်းကြီးမြို့နယ်ရှိ တရုတ်၀မ်ပေါင်ကုမ္ပဏီတွင် တာ၀န်ကျနေသည့် ရဲတပ်သားတဦးသည် ယနေ့ သြဂုတ်လ ၂၄ ရက်နေ့  နံနက်ပိုင်းတွင် သမန်းကျားကာကွယ်ရေးတပ်ဖွဲ့ထံ လက်နက်ချ အလင်း၀င်လာ ခြင်းဖြစ်သည်။

“သူက အာဏာသိမ်းပြီးတဲ့နောက် ရဲစုဆောင်းရေးမှာပါသွားတဲ့သူလို့ သိရတယ်။ အရင်ကလည်း CDM ဝင်ဖို့ကြိုးစားခဲ့ဖူးပေမယ့် မအောင်မြင်ဘဲ ထိပ်တုံးတွေဘာတွေ ခတ်တာခံခဲ့ရတယ်လို့ ပြောတယ်။ အချိန် ကြာလာပြီး သူ့ကို နည်းနည်းလေးမရိပ်မိတဲ့ အခြေအနေရောက်မှ  ဒီကနေ့မှာ သေနတ်နှစ်လက်ယူပြီး CDM ၀င်လာတာပါ”ဟု ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေးတာ၀န်ရှိသူတဦးက မဇ္စျိမကိုပြော သည်။

ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်း၀င်လာသူမှာ အသက် ၂၀ ၀န်းကျင်အရွယ်ရှိပြီး စစ်ကောင်စီလက်အောက် ခံရဲတပ်ဖွဲ့တွင် တပ်သားအဆင့်ရှိသူဖြစ်သည်။


၎င်းနှင့်အတူ အူဇီတလက်၊ G3 တလက်၊ ကျည်ဘောက်တခု၊ 7.62 ကျည် ၁၀ တောင့်၊ 9mm ကျည် ကိုး တောင့်နှင့် စကားပြောစက်တလုံးယူဆောင်လာပြီ ဆားလင်းကြီးမြို့နယ် သမန်းကျားပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ထံ အပ်နှံခဲ့ကြောင်း သိရသည်။

ကာကွယ်ရေးတပ်ဖွဲ့ထံလက်နက်ချကာ အလင်း၀င်ရောက်လာသည့်ရဲတပ်သားအကြောင်း အသေးစိတ် ကို ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေး တာ၀န် ရှိသူက ဆိုသည်။

“ ရဲတပ်သားကတော့ လုံခြုံတဲ့နေရာကို ရောက်သွားပါပြီ။ လောလောဆယ်ကတော့ ကျွန်တော်တို့အနေနဲ့ သူ့အကြောင်းကို ဘာမှမထုတ်ပြန်ထားသေးဘူး၊ နေရပ်တွေ ဘာတွေပေါ့။ သူတို့မိသားစုရဲ့လုံခြုံရေး ရှိသေးတော့လေ။ သူတို့ မိသားစု တခြားတနေရာကို ရောက်သွားပြီဆိုမှ အပြည့်အစုံကို တင်ပြသွားမှာပါ” ဟု ၎င်းက ပြောသည်။

ဆားလင်းကြီးမြို့နယ်ရှိ တရုတ်၀မ်ပေါင်ကုမ္ပဏီမှ စစ်ကောင်စီတပ်သားတဦး ကာကွယ်ရေးတပ်ဖွဲ့ထံ လက်နက်များနှင့် အလင်း၀င်လာခြင်းမှာ အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရ သည်။

ကာကွယ်ရေးတပ်ဖွဲ့ထံ  အလင်းဝင်ရောက်လာသည့် ရဲတပ်သားကို  ဆုကြေးငွေများချီးမြင့်နိုင်ရန်အတွက်  ရန်ပုံငွေလိုအပ်ချက်ရှိနေပြီး မိဘပြည်သူများအနေဖြင့် အလှုငွေများထည့်ဝင်လှုဒါန်းပေးကြပါရန်လည်း ဆားလင်းကြီးမြို့နယ်သတင်းမှန်ပြန်ကြားရေးက မေတ္တာရပ်ခံထားသည်။ 

တရုတ်၀မ်ပေါင်ကုမ္ပဏီသည် ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို စစ် ကောင်စီတပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် ဖက်စပ်လုပ်ကိုင်နေသည့် ကုမ္ပဏီ ဖြစ်သည်။ 

ကုမ္ပဏီ၀င်းအတွင်း စစ်ကောင်စီတပ် စခန်းချတပ်စွဲထားကာ အနီးတဝိုက်ရှိ ကျေးရွာများကို စစ်ကြောင်း ထိုးခြင်း၊ ကုမ္ပဏီအတွင်းမှ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။ 

လက်ရှိတွင် တရုတ်၀မ်ပေါင်ကုမ္ပဏီအနီးတဝိုက်နေရာများကို စစ်ကောင်စီတပ်က အင်အားအများအပြား ဖြင့် ပိတ်ဆို့စစ်ဆေးနေကာ ထွက်ပြေးသွားသည့် ရဲတပ်သားကို လိုက်လံရှာဖွေနေကြောင်း သိရသည်။

စာတည်း။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly