ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီရေယာဉ်အုပ်စု တိုက်ခိုက်ခံရ

By လွှမ်းမိုး (မဇ္ဈိမ)
04 September 2023
ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီရေယာဉ်အုပ်စု တိုက်ခိုက်ခံရ
ဆားလင်းကြီးမြို့နယ်ကို ဖြတ်သွားသည့် စစ်ရေယာဉ်တစီး (Photo/ANPTT)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဆားခါးကျေးရွာအနီးတွင် ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်သို့ ဆန်တက်လာသည့် စစ်ကောင်စီတပ် ရေယာဉ်အုပ်စု တိုက်ခိုက်ခံရပြီး စစ်သားလေးဦးသေဆုံးခဲ့ကြောင်း Hero Fighter (Salingyi)တပ်ဖွဲ့ထံမှ သိရသည်။

ရေယာဉ် ၁၀စီးပါ စစ်သင်္ဘောအုပ်စုကို စက်တင်ဘာလ ၂ ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင် ကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီးများ ဖြင့် တိုက်ခိုက်ခဲ့ကြောင်း Hero Fighter(Salingyi) တပ်ဖွဲ့မှ ဗိုလ်သူရိန်က ပြောသည်။

" ပွိုင့် နှစ်ခုကနေ စောင့်ကြို တိုက်ခိုက်ခဲ့တာ"ဟု၎င်းက ဆိုသည်။

တိုက်ပွဲကြာချိန် မိနစ် ၃၀ ခန့်ရှိခဲ့ပြီး စစ်ကောင်စီတပ်သားလေးဦးသေဆုံးကာ ဒေသကာကွယ်ရေး တပ်ဖွဲ့များဘက်မှ ရဲဘော်နှစ်ဦး ကျည်ရှပ်ထိမှန်ဒဏ်ရာခဲ့ကြောင်း Hero Fighter (Salingyi)က ထုတ်ပြန်သည်။စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထိုတိုက်ခိုက်မှုကို Hero Fighter(Salingyi)၊ Chindwin Dynamite (Salingyi)၊ တောင်ပံနီပြောက်ကျားတပ်ဖွဲ့၊ Fighter 9Force၊ Monywa Underground Guerrilla Force နှင့် ဒေသတွင်းမဟာမိတ်များ ပူးပေါင်းလုပ်‌ဆောင်ခဲ့ခြင်းဟုသိရသည်။စစ်ကောင်စီတပ်ရေယာဉ်အုပ်စုတွင် ကုန်တင်ရေယာဉ်(ဒေသအခေါ်ဖလပ်ခွံ)ခုနစ်စီး နှင့် စစ်သင်္ဘော သုံးစီးပါဝင်ကြောင်း သိရသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ရေယာဉ်အုပ်စုက ဆားလင်းကြီးမြို့နယ်အတွင်းရှိ  ခွန်သာ၊ သရက်ကိုင်းရွာအပါအဝင် ချင်းတွင်းမြစ်ကမ်းဘေးတလျှောက်ရွာများကို လက်နက်ကြီး၊လပ်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်သွားကြောင်း သတင်းရရှိသည်။ နေအိမ်အချို့ပျက်စီးခဲ့သော်လည်း လူထိခိုက်မှုမရှိခဲ့ကြောင်း  ဆားလင်းကြီးမြို့နယ်မှ အညာပစ်တိုင်းထောင်လေးများအဖွဲ့ တာဝန်ရှိသူက  ပြောသည်။

အဆိုပါ စစ်ရေယာဉ်အုပ်စုသည် ယမန်နေ့ စက်တင်ဘာ ၃ရက် ညနေတွင် မုံရွာမြို့သို့ ရောက်ရှိခဲ့ပြီး ယနေ့ စက်တင်ဘာ ၄ရက် နံနက်တွင် အထက်ဘက်သို့ ဆက်လက်ထွက်ခွာနေကြောင်း သတင်းရရှိသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly