ဆားလင်းကြီးတွင် စစ်ကောင်စီက မြေပြင်‌ရောလေကြောင်းမှပါ တိုက်ခိုက်၊ ဒေသခံ ၈,၀၀၀ ခန့်ဘေးလွတ်ရာထွက်‌ပြေးနေရ

By လွှမ်းမိုး(မဇ္ဈိမ)
04 October 2023
ဆားလင်းကြီးတွင် စစ်ကောင်စီက မြေပြင်‌ရောလေကြောင်းမှပါ တိုက်ခိုက်၊ ဒေသခံ ၈,၀၀၀ ခန့်ဘေးလွတ်ရာထွက်‌ပြေးနေရ
ယင်းမာပင်နှင့်ဆားလင်းကြီးနယ်စပ်မှ စစ်ဘေးရှောင်များ(ပုံဟောင်း)  Photo/Mizzima

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ အနောက်မြောက်ခြမ်းကို စစ်ကောင်စီတပ်က ယနေ့ နံနက် ၁၀ နာရီခန့်တွင် လေကြောင်းသုံးတိုက်ခိုက်ခဲ့ပြီး မြေပြင်မှလည်း စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာခြောက်ရွာမှ ဒေသခံ ၈,၀၀၀ ခန့် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြသည်။

မတောင့်တကျေးရွာနှင့် ဗိုက်သရက်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဟု မဇ္ဈိမ၏ မြေပြင်သတင်းထောက်က သတင်းပေးပို့သည်။

"နောက်ဆုံးအခြေအနေက အကုန်လုံးစစ်ရှောင်နေရတာ။ ထိခိုက်မှုအခြေအနေလည်းဘာမှမသိရသေးဘူး။ အကုန်လုံးကထွက်ပြေးနေရတာ။ မတောင့်တနဲ့ ဗိုက်သရက်ကြားကို အရမ်းပစ်သွားတာ" ဟု ယနေ့ အောက်တိုဘာ ၄ရက်  မွန်းလွဲ ၁၂နာရီ ၄၀မိနစ်ခန့် အခြေအနေကို မဇ္ဈိမ၏ မြေပြင်သတင်းထောက်က ပြောသည်။

ယနေ့ နံနက်ပိုင်းတွင် ဗိုက်သရက်ကျေးရွာ အနီးသို့ ရောက်ရှိလာသည့် အင်အား ၃၀၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသည့် စစ်ယာဉ်တန်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့များကတိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုတွင်  စစ်ကောင်စီဘက်မှ  ထိခိုက်သေဆုံးမှုများရှိခဲ့ပြီးနောက် လေကြောင်းသုံးတိုက် ခိုက်လာခြင်းဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။

“ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ် အမျိုးအစား နဲ့ ၁ နာရီ ခန့်ကြာအောင် ပစ်ခတ်သွားတာ ဖြစ်ပါတယ်။ စက်သေနတ်တွေ၊ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ကို ပစ်ခတ်သွားတာ ဖြစ်တယ်” ဟုဒေသခံတဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်းတွင် မိုးကာအုပ်ထားသည့် ကား ၁၅ စီးနှင့် မြေကော်ကား နှစ်စီးပါရှိပြီး ယနေ့ နေ့လယ်တွင် ဗိုက်သရက်နှင့် မတောင့်တရွာထဲ၌  ရှိနေကြောင်း သိရသည်။

စစ်ကောင်စီမြေပြင်စစ်ကြောင်းနှင့် လေကြောင်းရန်ကြောင့် ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်အစပ်ရှိ လည်ငေါက်၊ မတောင့်တ၊ တဲစု၊ ရွှေသမင်နှင့်ဗိုက်သရက် စသည့် ကျေးရွာများမှ ဒေသခံပြည်သူများ  စစ်ရှောင်နေကြရသည်ဟု မဇ္ဈိမ၏မြေပြင်သတင်းထောက်က ပြောသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required