မြင်းမူနှင့် ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားသည့် နေရာများကို ကာကွယ်တပ်ဖွဲ့ တိုက်ခိုက်

By ပါခွီး (မဇ္စျိမ)
18 August 2023
မြင်းမူနှင့် ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားသည့် နေရာများကို ကာကွယ်တပ်ဖွဲ့ တိုက်ခိုက်

စစ်ကိုင်းတိုင်း ၊ မြင်းမူမြို့နယ်နှင့် ချောင်းဦးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားသောနေရာများကို ကာကွယ်ရေးပူးပေါင်းတပ်များက ဒရုန်းဖြင့် နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်သည်ဟု လင်းယုန်နက် ကာကွယ်ရေးအဖွဲ့ (Black Eagle Defence Force – MMU) က ယမန်နေ့ ဩဂုတ်လ ၁၇ရက်တွင် ထုတ်ပြန်သည်။

“ကျနော်တို့ ဗုံးသီးခုနစ်လုံးချပြီး တိုက်ခဲ့ပါတယ် ၊ တနေရာမှာ စစ်ကောင်စီတပ်သား သုံးယောက် သေတာကို အတည်ပြုနိုင်ပြီး ကျန်တဲ့နှစ်နေရာအခြေအနေကိုတော့ မသိရသေးပါဘူး” ဟု လင်းယုန်နက် ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ဗိုလ်စံရှားက မဇ္စျိမ ကိုပြောသည်။

မြင်းမူမြို့နယ် ၊ဝမ်းပြည့်ကျေးရွာနှင့် အလ္လကပ္ပရွာအကြား ရေဦးဆီဆိုင်ဟောင်း အနီးတွင် ခရီးသွားပြည်သူများထံ စစ်ဆေးငွေတောင်းခံနေသော စစ်ကောင်စီတပ်ဖွဲ့ကို ဩဂုတ်လ ၁၅ရက် နေ့လယ် ၁၁နာရီအချိန်တွင် ဒရုန်းဖြင့် ဗုံးသီး သုံးလုံးချ တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ ကာကွယ်ရေးပူးပေါင်းအဖွဲ့သည် ချောင်းဦးမြို့၊ ရေပိုးစားရွာ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ကိုလည်း ဩဂုတ်လ ၁၆ရက် မနက်၁၁နာရီ ၃၀မိနစ်အချိန်တွင် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ ကင်းပုန်းဝပ်သောနေရာနှင့် အထိုင်ချရာနေရာသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့က အနီးပတ်ဝန်းကျင်သို့ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့နောက် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့သည် မြင်းမူမြို့နယ် ၊ဂွေးပင်တောရွာ ဘုန်းကြီးကျောင်းအနီးတွင် တပ်စွဲ၍ ခရီးသွား ပြည်သူများကို စစ်ဆေးငွေတောင်းခံနေသည့်   စစ်ကောင်စီတပ်ဖွဲ့ကို ဩဂုတ်လ ၁၆ရက် နေ့လယ် ၁နာရီ ၁၀မိနစ်တွင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် မိနစ် ၃၀ ကျော်ကြာ ပြန်လည်ပစ်ခတ်မှုများ ရှိခဲ့သည်ဟုလင်းယုန်နက် ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည် ။

အဆိုပါ ဒရုန်းဖြင့် ဗုံးကြဲသည့် စစ်ဆင်ရေးများကို Black Eagle Defence Force ( MMU) နှင့်အတူ Black Eagle Drone Force ၊ T.G.R Women Drone Force ၊ T.R.G People’s Defense Force နှင့် ကျောက်ဆည်ခရိုင် အမှတ်(၂) တပ်ရင်း မဟာမိတ်များက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်‌သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

ဩဂုတ်လ ၁၄ရက်နှင့် ၁၅ရက်နေ့တို့တွင်လည်း စစ်ကိုင်းမှ မုံရွာသို့ ထွက်ခွာလာသည့် စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းများကို မုံရွာ - မန္တလေးလမ်းပိုင်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားငါးစီး ထိမှန်ခဲ့ကြောင်း မြင်းမူလင်းယုန်နက် ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

စာတည်း။      ။  ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly