ဦးဂျင်မီတို့ ၄ ဦးကို လက်တွေ့သေဒဏ်ပေးပြီးနောက် သေဒဏ်ချမှတ်ခံရသူ ၄၀ နီးပါး ထပ်တိုးလာ

By မိုးသောက် မဲဆောက်(မဇ္ဈိမ)
23 July 2023
ဦးဂျင်မီတို့ ၄ ဦးကို လက်တွေ့သေဒဏ်ပေးပြီးနောက် သေဒဏ်ချမှတ်ခံရသူ ၄၀ နီးပါး ထပ်တိုးလာ
Photo- Mizzima( ပုံဟောင်း)

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နှင့် ကိုလှမျိုးအောင်တို့ကို လက်တွေ့ကြိုးပေး သတ်ဖြတ်ပြီးနောက်တွင် သေဒဏ်ချမှတ်ခံရသူ ၃၇  ဦးထပ်တိုးလာသည်ဟု AAPP၏စာရင်းအရ သိရသည်။

ဦးဂျင်မီတို့ လေးဦးကို  သေဒဏ်ပြစ်ဒဏ် စီရင်ပြီးကြောင်း ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၅ ရက်တွင် စစ်ကောင်စီလက်အောက်ခံ ဝါဒဖြန့် သတင်းစာများထွင် ထုတ်ပြန်ကြေညာခဲ့သည်။

 ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၁ ရက် စာရင်းများအရ သေဒဏ် ချမှတ်ခံရသူ ၁၁၇ ဦးရှိပြီး လက်ရှိတွင် သေဒဏ် ချမှတ်ခံရသူ ၁၅၈ ဦးရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။ 

ထိုစာရင်းများအရ  ဦးဂျင်မီတို့ လေးဦး  သေဒဏ်ချမှတ်ပြီးနောက်ထပ်  ၃၇ ဦးကို  စစ်ကောင်စီက သေဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။ 

စစ်ကောင်စီ၏ သေဒဏ်ချမှတ်နေမှုများနှင့်ပတ်သက်၍  “စာရင်းတွေအရတော့ တိုးလာတာကိုပဲ တွေ့တယ်။ ထောင်ထဲမှာ တရားဝင် ကြိုးပေးပြီးသတ်တာတော့ ကိုဂျင်မီတို့လေးယောက်ကိုပဲ တွေ့ပါသေးတယ်” ဟု AAPP၏ ပြောရေးဆိုခွင့်ရှိသူ ဦးဘိုကြည်က မဇ္ဈိမကိုပြောသည်။

AAPP၏  စာရင်းများအရ လက်ရှိတွင် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၈ဦး ရှိပြီဖြစ်ပြီး ၎င်းတို့ထဲတွင် မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၄၃ဦး ပါဝင်သည်။

အထူးသဖြင့် သေဒဏ်ချမှတ်မှုများကို စစ်အုပ်ချုပ်ရေး ကြေညာထားသော စစ်ခုံရုံးများရှိသည့် နေရာများတွင် အများဆုံး ချမှတ်ခဲ့သည်။ စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ်များရှိ စစ်ခုံရုံးများနှင့် တရားရုံးများက လူသတ်မှုဥပဒေပုဒ်မများ၊ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မများနှင့် စစ်ကောင်စီက ပြဌာန်းထားသည့် အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်များဖြင့်  အမြင့်ဆုံးပြစ်ဒဏ်များ ဖြစ်သည့် သေဒဏ်များကို ချမှတ်ခဲ့ဖြစ်သည်။ 

ယနေ့သည် ဦးဂျင်မီတို့ လေးဦးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့သည့် တစ်နှစ်ပြည့်မြောက်သည့်နေ့ ဖြစ်ပြီး ၎င်းတို့ သတ်ဖြတ်ခံရသည့် အပေါ်တွင် စစ်ကောင်စီက တာဝန်ယူရမည်ဖြစ်ကြောင်း လူ့အခွင့်ရေးအတွက် ဆောင်ရွက်နေသည့် အာဆီယံ လွှတ်တော်အမတ်များ အစုအဖွဲ့(APHR)က ဇူလိုင်လ ၂၁ရက်တွင် ထုတ်ပြန်ထားသည်။

ယနေ့တွင် ဦးဂျင်မီတို့‌လေးဦး သတ်ဖြတ်ခံရမှုအတွက် နိုင်ငံအနှံ့ အလှူအတန်းများနှင့် အခမ်းအနားများ ပြုလုပ်ကြသည်။ 

ဦးဂျင်မီ၏ ဇနီးဖြစ်သူ ဒေါ်နီလာသိန်းက "တိုက်ဆိုင်လိုက်တာ၊ ကိုယ့်ရဲ့မွေးလမှာတဲ့….
နှစ်ယောက်လုံးက ကိုယ့်ကို တစ်နည်းတစ်ဖုံစီနဲ့ 
အနိုင်နဲ့ပိုင်း ထွက်သွားလိုက်ကြတာများ….
ဘယ်လို တွေးပြီး 
ဘယ်လို ဖြေရမှာလဲ….
ဘယ်လိုတွေတွေးပြီး
ဘယ်လိုဖြေနေကြတာလဲလို့
အချို့ အချို့တွေကို မေးကြည့်လိုက်ချင်တယ်
ခင်ဗျားတို့ ဘယ်လိုများတွေးပြီး ဖြေခဲ့ကြတာလဲ…..
ခင်ဗျားတို့ ဘယ်လိုများတွေးပြီး နေနိုင်ကြတာလဲ….” ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့နံနက်ပိုင်းက ရေးသားထားသည်ကို တွေ့ရသည်။

အာဏာသိမ်းပြီးနောက်တွင် ဦးဂျင်မီတို့လေးဦးသည် လက်တွေ့ကွပ်မျက်ခံခဲ့ရသူများဖြစ်ပြီး ၎င်းတို့နောက်တွင် မည်သူ့ကိုမျှ ကွပ်မျက်ခြင်းမရှိတော့ကြောင်း AAPPကဆိုသည်။

သို့သော် အကျဉ်းထောင်များအတွင်း ပျောက်ဆုံးသွားခဲ့သူများ၊ အပြင်ခေါ်ထုတ်ခံရသူများနှင့် လွတ်ရက်စေ့ပြီးနောက် အကျဉ်းထောင်အတွင်း၌လည်း မရှိ၊ဆက်သွယ်၍လည်း မရသူများနှင့် သေဆုံးသွားခဲ့ရသူများလည်း ရှိလာသည်။ 

ပြီးခဲ့သည့် ဇွန်လအတွင်းက  ဒိုက်ဦးထောင်မှ ပျောက်ဆုံးသွားခဲ့သူ ၃၇ဦးထဲမှ ရှစ်ဦးသေဆုံးသွားသည်ကို အတည်ပြုနိုင်ခဲ့ကြောင်း AAPPက ဇူလိုင်လ ၁၉ရက်တွင် ထုတ်ပြန်ထားသည်။

လတ်တလောတွင် အကျဉ်း‌ထောင်များအတွင်း၌ စစ်ကောင်စီ၏ လုပ်ရပ်များနှင့်ပတ်သက်ပြီး  “စိုးရိမ်တာတော့မပြောပြတတ်အောင်ပါပဲ။စိုးရိမ်တာတော့ ကလေးတွေ အကုန်လုံးအတွက် စိုးရမ်နေတာပဲ၊ကိုယ့်ဘက်က ဘာတွေလုပ်ပေးနိုင်လဲ။ အဲဒီလိုမျိုးတွေပဲတွေးနေရတယ်” ဟု သေဒဏ်ချမှတ်ခံထားရသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

၂၀၂၃ခုနှစ်အတွက် World Population Review ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ လွတ်လပ်မှုအခြေအနေမှာ နိုင်ငံပေါင်း ၁၆၅နိုင်ငံတွင် အဆင့် ၁၄၁ ၌ ရှိနေသည်။

အကျဉ်းထောင်များသို့ ကြက်ခြေနီအသင်း၏ စစ်ဆေးမှုများ အပါအဝင် သတင်းအချက်လက်များ ရရှိခြင်းမရှိသည့်အတွက်ကြောင့် အကျဉ်းထောင်များထဲတွင် ရှိနေသည့် နိုင်ံငံရေးအကျဉ်းသားများအတွက် စိုးရိမ်ရကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly