ဘိုကလေးနှင့်မအူပင်မြို့နယ်မှ အမျိုးသား ၃ ဦး သေဒဏ်ချမှတ်ခံရ

By မင်းထက် (မဇ္စျိမ)
28 September 2023
ဘိုကလေးနှင့်မအူပင်မြို့နယ်မှ အမျိုးသား ၃ ဦး သေဒဏ်ချမှတ်ခံရ
ဓာတ်ပုံ - သေဒဏ်ချမှတ်ခံရသူ ကိုဝေယံကျော်

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်နှင့် မအူပင်မြို့နယ်တို့မှ အမျိုးသား သုံးဦး၊ ယနေ့ စက်တင်ဘာလ ၂၈ ရက်နေ့တွင် သေဒဏ်ချမှတ်ခံခဲ့ရကြောင်း နိုင်ငံရေးအကျဥ်းသားများ၏ မိသားစုဝင်များထံမှသိရသည်။

ဘိုကလေးမြို့နယ် မြင်းကကုန်းကျေးရွာနေ အသက် ၅၄ နှစ်အရွယ် ဦးဝင်းဌေး၊ ဘုရားကျောင်းကျေးရွာအုပ်စု ပြင်းမကုန်းကျေးရွာနေ အသက် ၃၈ နှစ်အရွယ် ကိုကျော်မိုးလွင်နှင့် မအူပင်မြို့နယ်နေ ကိုဝေယံကျော်တို့ သုံးဦး သေဒဏ်ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

၎င်းတို့ သုံးဦးကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၄ ရက်က ဖျာပုံမြို့ ကျုံကျိုက်ကျေးရွာနေ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးအေးကိုနှင့် ဇနီးဖြစ်သူတို့ သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခံရမှုအားကျူးလွန်သူများဟုဆိုကာ ဖျာပုံခရိုင်တရားသူကြီး ဒေါ်သူဇာအေးက သေဒဏ်ချမှတ်ခဲ့ခြင်းဟု နိုင်ငံရေးအကျဥ်းသားတဦး၏ မိသားစုဝင်ကပြောသည်။ 

သေဒဏ်မချမီက ဘိုကလေးမြို့နယ်မှ ကိုကျော်မိုးလွင်အား အကြမ်းဖက်ပုဒ်မဖြင့် ထောင်ဒဏ် ၁၀ နှစ်၊ မအူပင်မြို့နယ်မှ ကိုဝေယံကျော်အား အကြမ်းဖက်ပုဒ်မဖြင့် ထောင်ဒဏ် ၁၇ နှစ်ချမှတ်ထားသေးသည်ဟုသိရသည်။

"ဝေယံကျော်က အစက ထောင်ဒဏ် ၁၇ နှစ် အမိန့်ချခံထားရတယ်။ ဒီနေ့မှာ မအူပင်ခရိုင်တရားရုံးက ထောင်ဒဏ် နှစ် ၃၀၊ ဖျာပုံခရိုင် တရားရုံးထောင်ဒဏ် ၁၀ နှစ်နဲ့ သေဒဏ်ချတာပါ။ သူက စုစုပေါင်း ထောင်ဒဏ် ၅၇ နှစ်နဲ့ သေဒဏ်ပေါ့။ သုံးယောက်လုံး ပုဒ်မ ၃၀၂ - ၁(ခ)နဲ့ သေဒဏ်ချတာလို့သိရတယ်"ဟု နိုင်ကျဥ်းတဦး၏ မိသားစုဝင်ကဆိုသည်။

သေဒဏ်ချမှတ်ခံထားရသူများအနက် ကိုကျော်မိုးလွင်နှင့်ကိုဝေယံကျော်တို့အား PDF အဖွဲ့ဝင်ဟု စစ်ကောင်စီဘက်မှစွပ်စွဲထားပြီး၊ ဦးဝင်းဌေးအား PDF ထောက်ပို့ဟု စွပ်စွဲထားသည်ဟု ၎င်းကဆိုသည်။

"ကိုကျော်မိုးလွင်ကို ဘိုကလေး PDF လို့စွပ်စွဲပြီး၊ ကိုဝေယံကျော်ကို မအူပင် PDF လို့ စစ်တပ်နဲ့ ရဲတွေကစွပ်စွဲထားတယ်။ ဦးဝင်းဌေးကတော့ သေဒဏ်ချခံထားရတဲ့အပြင် အမှုကျန်တွေရှိသေးတယ်"ဟု ဆက်လက်ပြောသည်။

လက်ရှိတွင် သေဒဏ်ချမှတ်ခံရသူ သုံးဦးကို ပုသိမ်အကျဥ်းထောင်သို့ ပို့ဆောင်ရန် စစ်ကောင်စီလက်အောက်ခံ ရဲများက စီစဥ်နေသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူများကပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်နေ့က ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှ အသက် ၂၀ ဝန်းကျင် လူငယ်လေးဦးကို လူသတ်တရားခံများဟုစွပ်စွဲကာ ဖျာပုံခရိုင်တရားသူကြီး ဒေါ်သူဇာအေးက သေဒဏ်ချမှတ်ခဲ့သေးသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ထုတ်ပြန်သည့်စာရင်းများအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီအရေးလှုပ်ရှားမှုကြောင့် သေဒဏ်ချမှတ်ခံရသူ စုစုပေါင်း ၁၅၀ ဦးရှိနေပြီဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required