ပုသိမ်ထောင်အကြမ်းဖက်ခံရမှုတွင် ရိုက်နှက်ခံခဲ့ရသည့် နိုင်ငံရေးအကျဥ်းသား ၃၃ ဦးကို ထောင်အာဏာပိုင်များကတရားစွဲ

By မင်းထက် (မဇ္စျိမ)
26 August 2023
ပုသိမ်ထောင်အကြမ်းဖက်ခံရမှုတွင် ရိုက်နှက်ခံခဲ့ရသည့် နိုင်ငံရေးအကျဥ်းသား ၃၃ ဦးကို ထောင်အာဏာပိုင်များကတရားစွဲ
ဓာတ်ပုံ - ပုံဟောင်း

ပုသိမ်အကျဥ်းထောင် အကြမ်းဖက်ခံရမှုဖြစ်စဥ်တွင် သေလုမျောပါးရိုက်နှက်ခံခဲ့ရသည့် နိုင်ငံရေးအကျဥ်းသား ၃၃ ဦးကို စစ်ကောင်စီလက်အောက်ခံ ထောင်အာဏာပိုင်များက တရားစွဲဆိုလိုက်သည်ဟု နိုင်ငံရေးအကျဥ်းသားများ၏ မိသားစုများထံက သိရသည်။

ပုသိမ်အကျဥ်းထောင်အကြမ်းဖက်ခံမှုတွင် ရိုက်နှက်ခံခဲ့ရသည့် နိုင်ငံရေးအကျဥ်းသား ၆၀ ကျော်အနက် ၃၇ ဦးကို ၎င်းတို့အကျဥ်းချခံထားရသည့် အခန်းများအတွင်းမှ  ထောင်အာဏာပိုင်များက သြဂုတ်လ ဒုတိယပတ်အတွင်း ခေါ်ထုတ်သွားခဲ့သည်ဟု သိရသည်။

ထို့နောက် အဆိုပါ နိုင်ငံရေးအကျဥ်းသား ၃၇ ဦးအား တိုက်ပိတ်စစ်ဆေးမှုများပြုလုပ်ပြီး ၎င်းတို့အနက်မှ ၃၃ ဦးကို ပြည်သူ့ဝန်ထမ်းအား တာဝန်ဝတ်တရားဆောင်ရွက်ခြင်းမှ ဟန့်တားရန်မိမိအလိုအလျောက် နာကျင်စေမှု/အပြင်းအထန် နာကျင်စေမှု ရာဇသတ်ကြီးပုဒ်မ ၃၃၃ ၊ ၃၃၂ ပုဒ်မများဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားတဦး၏ မိသားစုဝင်ကပြောသည်။

"နိုင်ကျဉ်း ၁၆ ယောက်ကို ပုဒ်မ ၃၃၃ နဲ့တရားစွဲပြီး ၁၇ ဦးကို ပုဒ်မ ၃၃၂ နဲ့တရားစွဲတာပါ။ အရိုက်လည်းခံရတာလည်း နိုင်ကျဥ်းတွေပဲ တရားစွဲခံရတာလည်း နိုင်ကျဥ်းတွေပဲ။ စစ်တပ်နဲ့ သူတို့လက်အောက်ခံတွေ ယုတ်မာတာကတော့လမ်းဆုံးနေပြီ"ဟု ၎င်းကဆိုသည်။

ထိုသို့တရားစွဲဆိုမှုကို ထောင်အာဏာပိုင်များက တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံရေးအကျဥ်းသား၏ မိသားစုဝင်ကဆက်ပြောသည်။

တရားစွဲဆိုခံရသည့် နိုင်ရေးရေးအကျဥ်းသား ၃၃ ဦးကို ထောင်အာဏာပိုင်များက တိုက်ပိတ်ထားသည်ဟုသိရပြီး ထောင်ဝင်စာကန့်သတ်မှုများလည်းရှိနေသည့်အတွက် နိုင်ငံရေးအကျဥ်းသားများ၏ မိသားစုဝင်များ စိုးရိမ်နေကြသည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၅ ရက် ညပိုင်းက ပုသိမ်အကျဥ်းထောင်တွင် အကျဥ်းချခံထားရသည့် ကိုဖိုးလပြည့်၊ ကိုဝင်းထွန်းနိုင်(ခ)ခေါလေး ၊ ကိုဝင်းမင်းထက်(ခ)ကိုမဲကြီး အပါ အဝင်နိုင်ငံရေးအကျဥ်းသားရှစ်ဦးကို ထောင်မှူးနှင့် ထောင်ညွှန်မှူးဦးဇော်စစ်အောင်တို့ ဦးဆောင်ကာ သေလုမျောပါးဖြစ်သည်အထိ ရိုက်နက်ပြီးတိုက်ပိတ်ထားခဲ့သည်။

ဇန်နဝါရီလ ၆ ရက်မနက်ပိုင်းတွင် ရိုက်နှက်ခံရသူများအနက် ကိုဝင်းမင်းထက်(ခေါ်)ကိုမဲကြီးဆိုသူ ပျောက်ဆုံးနေပြီး ကျန်ခုနစ်ဦးမှာ တိုက်ပိတ်ခံထားရသည့်အတွက် ပြန်လွှတ်ပေးရန် နိုင်ငံရေးအကျဥ်းသားများက တောင်းဆိုခဲ့ရာမှ စစ်ကောင်စီတပ်ဖွဲ့များနှင့်ရဲများက နိုင်ငံရေးအကျဥ်းသားများအား အကြမ်းဖက်မှုများပြုလုပ်ခဲ့သည်။

ထိုအကြမ်းဖက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် ရဲများ၏ ရိုက်နှက်ပစ်ခတ်မှုများကြောင့် အသက် ၃၃ နှစ်အရွယ် ကိုဝေယံဖြိုး(ခေါ်)ရာစု ကျဆုံးခဲ့ပြီး နိုင်ငံရေးအကျဥ်းသား ၆၇ ဦး ပြင်းထန်ဒဏ်ရာများရရှိခဲ့သည်။

လက်ရှိတွင် အကြမ်းခံဖက်ရိုက်နှက်ခံခဲ့ရသည့် နိုင်ငံရေးအကျဥ်းသား ၆၇ ဦးအနက် ၃၃ ဦးကို စစ်ကောင်စီလက် အောက်ခံများက တရားစွဲဆိုနေခြင်းဖြစ်သည်ဟု သိရသည်။

စာတည်း။        ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required