တရုတ်လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူ ဂေါ်ဖေးရှောင်ကို လွှတ်ပေးရန် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တောင်းဆို

By The Print
22 October 2023
တရုတ်လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူ ဂေါ်ဖေးရှောင်ကို လွှတ်ပေးရန် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တောင်းဆို

အကျဉ်းထောင်အတွင်း ကျန်းမာရေး လွန်စွာဆိုးရွားနေသော လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ ဂေါ်ဖေးရှောင်အား လွှတ်ပေးရန် တောင်းဆိုမှုများကို တရုတ်အာဏာပိုင်များအနေဖြင့် ဆက်လက်မသိကျိုးကျွံပြု၍ မရတော့ကြောင်း ကုလသမဂ္ဂအထူးကိုယ်စားလှယ် မေရီလောလာက အောက်တိုဘာ ၁၈ ရက်တွင် ပြောကြားလိုက်သည်။

 “ဂေါ်ဖေးရှောင်ဟာ ​​မတရား ဖမ်းဆီးခံထားရခြင်းဖြစ်ပြီး သူ့ကျန်းမာရေး အခြေအနေက စိုးရိမ်ရပါတယ်” ဟု လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ၏ အခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မေရီလောလာက ပြောကြားခဲ့သည်။ “ကုလသမဂ္ဂ လူ့အခွင့်အရေးကျွမ်းကျင်သူတွေဟာ ၂၀၀၆ ခုနှစ်ကတည်းက တရုတ်အာဏာပိုင်တွေဆီ အရေးပေါ်စာ ၁၀ စောင် ပေးပို့ခဲ့ပြီး ဖြစ်ပါတယ်။ လူသားချင်းစာနာထောက်ထားမှုအရ ဂေါ်ဖေးရှောင်ကို ချက်ချင်းပြန်လွှတ်ပေးရပါမယ်” ​​ဟု ၎င်းက ပြောကြားခဲ့သည်။

ဂေါ်ဖေးရှောင်မှာ တရုတ်လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူ စာရေးဆရာ ယန်မော်တုန်း၏ ကလောင်အမည်ဖြစ်ကြောင်း ကုလသမဂ္ဂ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၎င်းသည် ၂၀၀၅ ခုနှစ်မှစတင်၍ အခြေအမြစ်မရှိသော စွဲချက်များဖြင့် ထောင် ၁၃ နှစ်ကျော် ကျခံခဲ့ရသည်။ မကြာသေးမီ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဖမ်းဆီးခံရစဉ် ၎င်းသည် အချုပ်ခန်းတွင် ၆ လကြာ ထိန်းသိမ်းခံခဲ့ရသော်လည်း ရှေ့နေနှင့် တွေ့ခွင့်မရခဲ့ပေ။

ဂေါ်ဖေးရှောင်သည် ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် စွဲချက်တင်ခံခဲ့ရပြီး ၂၀၂၃ ခုနှစ်၊ မေလတွင် ပထမအကြိမ် ရုံးထုတ်စဉ် တရားရုံးက ထောင်ဒဏ် ၈ နှစ် ချမှတ်ခဲ့သည်။ ၎င်းအပေါ် ချမှတ်ခဲ့သည့် စီရင်ချက်နှင့်ပတ်သက်၍ ၂၀၂၃ ခုနှစ်၊ ဇွန်လတွင် အယူခံဝင်ခဲ့သော်လည်း ပြစ်ဒဏ်ကို ဆက်လက်အတည်ပြုခြင်း ခံခဲ့ရသည်။

မတရားဖမ်းဆီးခံခဲ့ရခြင်းကို ကန့်ကွက်သည့်အနေဖြင့် ဂေါ်သည် အစာငတ်ခံဆန္ဒပြမှုအများအပြား ပြုလုပ်ခဲ့ပြီး ယခုအခါ ၎င်း၏အခြေအနေမှာ စိုးရိမ်နေရကြောင်း လောလာက ပြောကြားခဲ့သည်။

၎င်း၏ ကိုယ်အလေးချိန်မှာ သိသိသာသာကျဆင်းသွားကာ ကျန်းမာရေးအခြေအနေ စိုးရိမ်နေရပြီး လက်ခံနိုင်လောက်သည့် ဆေးကုသမှုခံယူခွင့် မရခဲ့သေးပေ။ ၎င်းအတွက်  အသက်အန္တရာယ်ရှိနိုင်သောကြောင့် လွန်စွာစိုးရိမ်မိကြောင်းနှင့် ဂေါ်ဖေးရှောင်ကို ချက်ချင်း ခြွင်းချက်မရှိလွှတ်ပေးရန် မိမိအနေဖြင့် တရုတ်အာဏာပိုင်များကို တိုက်တွန်းကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံတွင် ဂေါ်ဖေးရှောင်နှင့် အလားတူအခြေအနေမျိုး ကြုံတွေ့နေရသည့် အခြားလူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ၏ အခွင့်အရေးများနှင့်ပတ်သက်၍ တရုတ်အာဏာပိုင်များနှင့် စဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံဆွေးနွေးလိုသည့် ၎င်း၏ ဆန္ဒကို ဆက်လက်ဆုပ်ကိုင်ထားဆဲဖြစ်ကြောင်း အထူးကိုယ်စားလှယ် မေရီလောလာက အဆိုပါ တရားဝင်ထုတ်ပြန်ချက်တွင် အလေးပေး ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly