မြင်းခြံအကျဉ်းထောင်မှ ထောင်ဝန်ထမ်း ၃ ဦး ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခံရပြီး ထောင်ချခံရ

By 001 (မဇ္စျိမ)
10 July 2023
မြင်းခြံအကျဉ်းထောင်မှ ထောင်ဝန်ထမ်း ၃ ဦး ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခံရပြီး ထောင်ချခံရ

မန္တလေးတိုင်း၊ မြင်းခြံအကျဉ်းထောင်မှ ထောင်ဝန်ထမ်းသုံးဦး ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခံရပြီး တဦးလျှင် ထောင်ဒဏ်ခြောက်လစီချမှတ်ခံလိုက်ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသား များကွန်ရက်ထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့က တပ်ကြပ် နေမျိုးသိန်း၊ ဒုတပ်ကြပ်တဦးနှင့် အခြား ထောင်ဝန်ထမ်းတဦး တို့ကို မြင်းခြံထောင်တွင်းတရားရုံးက ထောင်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်မှတာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောသည်။

“အဓိကကတော့ အကျဉ်းသားတွေကို ကူညီပေးလို့ဆိုတဲ့ အကြောင်းပြချက်တွေပါတယ်။ ပြီးတော့ သူတို့ ထဲက တချို့ကမူးယစ်ဆေးဝါးတွေ သွင်းတယ်ဆိုပြီး ပြောတယ်”ဟု ၎င်းကပြောသည်။
အဆိုပါ ဝန်ထမ်းများအား မည်သည့်ပုဒ်မဖြင့်တရားစွဲခံခဲ့ရကြောင်းကို မဇ္စျိမအနေဖြင့် ဆက်လက်စုံစမ်းဆဲ ဖြစ်သည်။

ပြီးခဲ့သည့် မေလအတွင်းကလည်း မြင်းခြံထောင်ရှိ နိုင်ငံရေးအကျဥ်းသား ၁၄ ဦးအား ပြင်ပရှိ PDF များနှင့် ဖုန်းဖြင့်ဆက်သွယ်သည်ဟူသည့်အကြောင်းပြချက်ဖြင့် စစ်ကောင်စီတပ်ဖွဲ့က ထောင်ပြင်ပသို့ ခေါ်ဆောင် ရိုက်နှက်စစ်ဆေးခဲ့ပြီး ထောင်ဝန်ထမ်းအချို့လည်း စစ်ဆေးခံရမှုများ ရှိခဲ့သည်။

မြင်းခြံအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၉၈၀ ကျော်ရှိပြီး ထောင်ပြင်ပသို့ ခေါ်ထုတ်ရိုက်နှက်ခံရ သည့် နိုင်ငံရေးအကျဉ်းသားများမှာ ဇွန်လကုန်ပိုင်းက မကွေးအကျဉ်းထောင်နှင့် သရက်အကျဉ်းထောင် သို့ ပို့ဆောင်ခံလိုက်ရကြောင်း သိရသည်။

လက်ရှိတွင် ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ် ကျိုက်စကောအကျဉ်းထောင်တွင်လည်း နိုင်ငံရေးအကျဉ်းသား ၃၀ ကျော်ထောင်ပြောင်းရွှေ့ခံရကာ ထိုအထဲမှ နိုင်ငံရေးအကျဉ်းသားအချို့ သတ်ဖြတ်ခံရသည့်အပြင် ထောင် ဝန်ထမ်းအချို့လည်း စစ်ဆေးခံနေရကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly