မန္တလေးတိုင်းတွင် ရဲစခန်း ၃ ခု ဒရုန်းဖြင့် ဗုံးကြဲခံရ၊ ရဲ ၁ ဦး၏ ဇနီး ဒဏ်ရာရ

By 007(မဇ္စျိမ)
15 October 2023
မန္တလေးတိုင်းတွင် ရဲစခန်း ၃ ခု ဒရုန်းဖြင့် ဗုံးကြဲခံရ၊ ရဲ ၁ ဦး၏ ဇနီး ဒဏ်ရာရ
ပုံစာ မန္တလေးမြို့အ၀င်ဆိုင်းဘုတ်

မန္တလေးတိုင်းတွင် ယမန်နေ့ အောက်တိုဘာလ ၁၄ ရက် က  စစ်ကောင်စီလက်အောက်ခံ နယ်မြေရဲစခန်း သုံးခု ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရပြီး ရဲတဦး၏ ဇနီးဖြစ်သူ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သက်ဆိုင်ရာသတင်းရင်းမြစ်များထံကသိရသည်။

မန္တလေးတိုင်းအတွင်းရှိ စဉ့်ကူးမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်နှင့် ငါန်းဇွန်မြို့နယ်တို့တွင်  တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး ပုသိမ်ကြီး ရဲစခန်းတိုက်ခိုက်ခံရမှုတွင် ရဲတဦး၏ ဇနီးမစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။

“ဗုံးက ရဲစခန်း(၀င်း)ထဲက ရေချိုးကန်နားကျပြီး ပေါက်ကွဲတယ်။  ရေချိုးနေတဲ့ ရဲမိန်းမ တယောက်ထိတယ်။  မစိုးရိမ်ရ ဒဏ်ရာလို့ ဖရဲသီးသတင်းရထားတယ်။  ဘယ်အဖွဲ့အစည်းလက်ချက်ဆိုတာတော့ ကျွန်တော်တို့အနေနဲ့ ပြောပိုင်ခွင့်မရှိဘူး။  သူတို့ဘက်က သတင်းထုတ်ပြန်လာပါလိမ့်မယ်” ဟု ပုသိမ်ကြီးမြို့နယ် ကြာနီကန်ကျေးရွာ ရဲကင်းစခန်းတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ ပုသိမ်ကြီးမြို့နယ်တော်လှန်ရေးအင်အားစုမှ အမည်မဖော်လိုသူ သတင်းရင်းမြစ်ကပြောသည်။

စစ်ကောင်စီ ထောက်ခံသည့် သတင်းချန်နယ်များတွင်လည်း ရဲတပ်ဖွဲ့ဝင်၏ ဇနီးဖြစ်သူ မစိုးရိမ်ရ ဒဏ်ရာ နှစ်ခုရခဲ့ကြောင်း ဖော်ပြထားသည်။ ထို့ပြင် ရဲစခန်း သုံးခု တိုက်ခိုက်ခံခဲ့ရပြီး PDF  အဖွဲ့များ၏ လက်ချက်ဖြစ်ကြောင်း ရေးသားထားသည်။

ယမန်နေ့ နံနက် ၁၁ နာရီခန့်က ပြင်ဦးလွင်ခရိုင်၊  စဉ့်ကူးမြို့နယ်၊  ထုံးကြီးကျေးရွာနယ်မြေရဲစခန်း၊ နေ့လယ် ၁ နာရီခန့်တွင်  ပုသိမ်ကြီးမြို့နယ်၊  ကြာနီကန်ကျေးရွာရဲကင်းစခန်း၊ ညနေ ၅ နာရီခန့်တွင်၊ မြင်းခြံခရိုင် ၊ ငါန်းဇွန်မြို့နယ်၊  မြို့သာကျေးရွာအုပ်စု၊  မြို့သာနယ်မြေရဲစခန်း ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခံရခြင်းဖြစ်သည်။

ထိုတိုက်ခိုက်မှုများနှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းများက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့ အောက်တိုဘာ ၁၅ ရက် နေ့လယ်ပိုင်းအထိ သတင်း တစ်စုံတစ်ရာ ထုတ်ပြန်လာခြင်းမရှိသေးပေ။

ထုံးကြီးကျေးရွာနယ်မြေရဲစခန်းတိုက်ခိုက်ခံရမှုတွင် ဗုံးသီးပေါက်ကွဲမှု မဖြစ်ခဲ့ကြောင်း၊ မြို့သာနယ်မြေရဲစခန်း တိုက်ခိုက်ခံရမှုတွင်လည်း ရဲစခန်းအပြင်ဘက်သို့သာ ဗုံးသီးကျရောက်ပေါက်ကွဲ၍ စစ်ကောင်စီဘက်က  ထိခိုက်မှု တစ်စုံတရာမရှိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သူ တဦးက ပြောသည်။

“တစ်ရက်အတွင်း သုံးနေရာအတိုက်ခံရတာမှန်ပါတယ်” ဟု ၎င်းက ဆိုသည်။
မန္တလေးတိုင်းအတွင်း ပြီးခဲ့သည့်စက်တင်ဘာလ ၂၃ ရက်နေ့ကလည်း၊ စဉ့်ကိုင်မြို့နယ် ပလိပ်မြို့ရဲစခန်း လက်ပစ်မိုင်းများဖြင့် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသေးသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly