စက်သုံးဆီစျေး ဆက်တိုက်ကျပြီးနောက် မန္တလေးကဆိုင်အချို့ ဓာတ်ဆီအရောင်းရပ်ထားကြဟုဆို

By 007(မဇ္စျိမ)
08 October 2023
စက်သုံးဆီစျေး ဆက်တိုက်ကျပြီးနောက် မန္တလေးကဆိုင်အချို့ ဓာတ်ဆီအရောင်းရပ်ထားကြဟုဆို
ပုံအညွှန်း-လက်ကားအရောင်းဆိုင်ကြီးများတွင်တော့ ပုံမှန်အတိုင်းရောင်းချပေးနေသည်ကိုတွေ့ရသည်

စက်သုံးဆီစျေးနှုန်း ဆက်တိုက်ကျဆင်းလာပြီးနောက် မန္တလေးမြို့ရှိ စက်သုံးဆီအရောင်းဆိုင်တချို့တွင် ဓာတ်ဆီအရောင်း ရပ်ထားကြကြောင်း ဒေသခံများထံက သိရသည်။

“ဒီနေ့တော့၊ ဆိုင်ကြီးတွေမှာပါ ၀ယ်မရဖြစ်သွားတယ်။ ဆိုလိုတာက 95 ရှိရင်၊ 92 မရှိဘူး၊ 92 ရှိရင် 95 မရှိဘူး။ 95 နဲ့ 92 ကို တလှည့်စီ ရောင်းပေးနေကြတယ်ထင်တာပဲ စျေးကျပြီး တရက်နှစ်ရက်အထိ ရောင်းပေးကြသေးတယ်။ မနေ့ကစပြီး ဆီပြတ်တယ်ချည်းပြောလွှတ်တာ။ ဒီနေ့တော့ ဆိုင်ကြီးတချို့ကပါ အရောင်းရပ်ထားကြတယ်။ တန်းစီ၀ယ်ရတဲ့အခြေအနေတော့ မဖြစ်သေးဘူး” ဟု အမည်မဖော်လိုသူ မြို့ခံအငှားယာဉ်မောင်းတဦးက ပြောသည်။

ယနေ့တွင်  ဓာတ်ဆီ အောက်တိန်း 92 နှင့် 95 များအား ဆိုင်ကြီးတချို့တွင်ပါ အရောင်းပိတ်ထားသည်ကို တွေ့ရပြီး ဆီစျေးနှုန်းကြော်ငြာဆိုင်းဘုတ်တွင် ယင်းအမျိုးအစားနှစ်ခုအား စျေးနှုန်းမရေးထားဘဲ အရောင်းပိတ်ထားကြကြောင်း သိရသည်။

“ဆီစျေးတက်ရင် ဓာတ်ဆီပြတ်တယ်လို့ မရှိဘူး။ ဆီစျေးကျတော့မှ ဆီပြတ်နေလို့၊ ဆီကုန်နေလို့ဆိုပြီး မရောင်း ပေးကြတော့တဲ့ဆိုင်တွေ အများကြီးပဲ။ ဒီနေ့တော့ ဆိုင်ကြီးတချို့ကပါ ဆီပြတ်တယ်ပြောတယ်။ တချို့ဆိုင်တွေ စျေးတောင်ဖော်ပြမထားတော့ဘူး” ဟု နေ့စဉ်မြို့အနှံ့ကုန်ပစ္စည်းလှည့်လည်ပို့ဆောင်နေသူ ဆိုင်ကယ်အငှား ယာဉ်မောင်းတဦးကပြောသည်။

ယခုနှစ်ဆန်းပိုင်းမှစ၍ တရိပ်ရိပ်ဖြင့် ဆက်တိုက်မြင့်တက်ခဲ့သည့် ပြည်တွင်းစက်သုံးဆီ(ဓာတ်ဆီ)စျေးနှုန်းသည် ပြီးခဲ့သည့်စက်တင်ဘာလအတွင်း စံချိန်တင် အမြင့်ဆုံးစျေးအဖြစ် 92 တလီတာလျှင် ၂,၄၈၅ ကျပ်နှင့် 95 တလီတာလျှင် ၂,၆၁၅ ကျပ်(စက်တင်ဘာလ ၁၈ ရက်၊ မန္တလေးစျေးကွက်)အထိ စျေးဖြစ်ခဲ့သည်။

“ဒီဇယ်က စျေးငြိမ်တယ်။  ဓာတ်ဆီကတော့ အတက်ကြမ်းရာကနေ ဒီလဆန်းပိုင်းလောက်မှာ စျေးထိုးကျသွားတယ်။ တလီတာကို ၅၀၀ လောက်အထိ ကျသွားတော့ လက်လီဆိုင်တွေ အခက်အခဲဖြစ်ကုန်တယ်ထင်ပါတယ်။ ကျွန်တော်တို့တော့ လိုသလောက်ရောင်းပေးနေတာပါပဲ” ဟု လုံခြုံရေးအရ အမည်ဖော်ပြလိုခြင်းမရှိသည့် စက်သုံးဆီလက်ကားအရောင်းဆိုင်တခုမှ မန်နေဂျာက ပြောသည်။

ယနေ့ အောက်တိုဘာလ ၈ ရက်တွင် မန္တလေးစက်သုံးဆီစျေးကွက်အတွင်း ဓာတ်ဆီ အောက်တိန်း 92 တလီ တာလျှင် ၁၉၉၅ ကျပ်နှင့် 95 တလီတာလျှင် ၂၀၉၅ ကျပ်နှုန်းဖြင့် ရောင်းချနေသည်။

အဆိုပါစျေးနှုန်းသည် စက်တင်ဘာလပေါက်စျေးထက် တလီတာလျှင် ကျပ်ငါးရာ၀န်းကျင် စျေးကျသွား ခြင်းဖြစ်ပြီး ထိုသို့စျေးကျသွားရာမှ စက်သုံးဆီအရောင်းဆိုင်တချို့တွင် ဆီပြတ်ခြင်း၊ အရောင်းရပ်သွားခြင်းတို့ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

စာတည်း ။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly