ကလေးမြို့အကျဉ်းထောင်မှ အကျဉ်းသား  ၃၆ ဦး ပြန်လွတ်လာ

By ပါခွီး (မဇ္စျိမ)
03 August 2023
ကလေးမြို့အကျဉ်းထောင်မှ အကျဉ်းသား  ၃၆ ဦး ပြန်လွတ်လာ

စစ်ကောင်စီက ဓမ္မစကြာနေ့အထိမ်းအမှတ်အဖြစ် ဩဂုတ်လ ၁ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ရာ စစ်ကိုင်းတိုင်း ကလေးမြို့အကျဉ်းထောင်မှ အကျဉ်းကျခံနေသူ ၃၆ ဦးလွတ်မြောက်လာကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီက အကျဉ်းကျခံနေရသူ ၇,၇၄၉ ဦးကိုပြန်လွတ်ပေးရာ ကလေးမြို့အကျဉ်းထောင်မှ အမျိုးသား ၃၁ ဦးနှင့် အမျိုးသမီး  ငါးဦး စုစုပေါင်း ၃၆ ဦး လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

“ လိုက်ပြီးစုံစမ်းရသလောက်တော့ နာမည်ကြီး နိုင်ငံရေးအကျဉ်းသား (နိုင်/ကျဉ်း) တွေမပါဘူး။ ဘယ်လိုအမှုတွေ လွတ်တယ်ဆိုတာတော့ သေချာမသိရဘူး ” ဟု အမည်မဖော်လိုသည့် ဒေသခံက ပြောဆိုသည်။

ကလေးမြို့အကျဉ်းထောင်ထဲတွင် PDF – Kalay မှ ဆေးတပ်သားအမျိုးသမီးများ၊ ကျောင်းသားများနှင့် ဆန္ဒပြပွဲဦးဆောင်သူများ အကျဉ်းကျခံနေရဆဲဟု ဆိုသည်။

နိုင်ငံတစ်ဝန်းမှ ပြန်လည်လွတ်မြောက်လာသူများအနက် နိုင်ငံရေးအကျဉ်းသား ၂၁၀ ဦးဝန်းကျင်ကို အတည်ပြုနိုင်ခဲ့ပြီး ၈၂ ဦးကိုသာ အမည်နှင့်တကွအတည်ပြုနိုင်ဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ဩဂုတ်လ ၃ ရက်တွင် ထုတ်ပြန်ထားသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly