ကလေးမြို့တွင် Non-CDM ကျောင်းဆရာ၂ဦးကို ဖမ်းဆီး၊  တရားစွဲနိုင်ရေး စီစဥ် 

By ပါခွီး(မဇ္စျိမ)
31 August 2023
ကလေးမြို့တွင် Non-CDM ကျောင်းဆရာ၂ဦးကို ဖမ်းဆီး၊  တရားစွဲနိုင်ရေး စီစဥ် 
ပုံအညွှန်း - ဖမ်းဆီးခံရသူ Non-CDM ကျောင်းဆရာနှစ်ဦး (ဓါတ်ပုံ - ကလေးမြို့ပြည်သူ့ရဲတပ်ဖွဲ့) 5m

စစ်ကိုင်းတိုင်း ၊ ကလေးမြို့တွင် စစ်ကောင်စီ လက်အောက်ခံကျောင်း ဖွင့်လှစ်နေသော Non-CDM ကျောင်းဆရာနှစ်ဦးကို ဖမ်းဆီးထားပြီး တရားစွဲနိုင်ရေးစီစဥ်ဆောင်ရွက်နေကြောင်း ကလေးမြို့နယ် ပြည်သူရဲတပ်ဖွဲ့ (KPP) က  ယနေ့ ဩဂုတ်လ ၃၁ရက်တွင် ထုတ်ပြန်သည်။

ကလေးခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် မြို့ပြစစ်ဆင်ရေး ဒုတာဝန်ခံ နှင့် တပ်ဖွဲ့ဝင်ငါးဦးသည် တာဝန်ထမ်းဆောင်နေစဥ် သတင်းအရ ကလေးမြို့ အခြေခံပညာအထက်တန်း ကျောင်း (အထက) အမှတ်(၉) ကျောင်းရှေ့တွင် ကျောင်းဆရာ နှစ်ဦးအား ဩဂုတ်လ ၇ရက် မနက် ၁၁နာရီ ၃၀မိနစ်အချိန်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်းဆိုသည်။

 ကျောင်းအုပ် ဆန်းထွန်းမောင်နှင့် (လ/ထ မူပြ) ဂွမ်ဆွမ်းခမ် တို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး  လုံခြုံရေး ၊ စစ်ရေးအနေအထားအရ ဩဂုတ်လ ၂၆ရက်နေ့ တွင် ဥပဒေနှင့် အညီဆက်လက်ဆောင်ရွက်နိုင်ရန် ကလေးမြို့ပြည်သူ့ရဲတပ်ဖွဲ့ထံ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။

“နစက(စစ်ကောင်စီ) ကို အကြမ်းဖက်အုပ်စုအဖြစ် CRPH က ကြေညာထားပါတယ် ။ အဓိက က စကစအောက်မှာ အလုပ်လုပ်နေတယ်ဆိုရင် အကြမ်းဖက်အားပေးသူတွေ ၊ အကြမ်းဖက်တွေလို့ သတ်မှတ်ပြီးဖြစ်ပါတယ်” ဟု ကလေးမြို့နယ်(တောင်ပိုင်း) ပြည်သူရဲ တပ်ဖွဲ့ တာဝန်ခံ ရဲမှူး အောင်ကြီး က မဇ္စျိမ ကိုပြောသည်။

အဆိုပါဖမ်းဆီးထားသူများကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ရှိ ကလေး မြို့နယ် တရားသူကြီးအဖွဲ့ သို့ တရားစွဲတင်ပို့နိုင်ရေး စီစဥ်ဆောင်ရွက်နေကြောင်း သိရသည်။ ၎င်းတို့နှစ်ဦးအား အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေပုဒ်မ ၅၂(က) ဖြင့် တရားစွဲ ဆိုသွားမည်ဖြစ်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ်သုံးနှစ်ချမှတ်ခံရနိုင်ကြောင်း ဆိုသည်။

ထိုကျောင်းဆရာများနေဖြင့်  ရှေ့နေငှားရမ်းလိုက ငှားခွင့်ရှိပြီး နိုင်ငံတကာ စံချိန်စံညွှန်းများအတိုင်း အခွင့်အရေးပေးထားကြောင်း သိရသည်။ ဖမ်းဆီးခံရသူ ဂွမ်ဆွမ်းခမ် ၏ မိခင်ဖြစ်သူ ငင်ခန့်ကျိမ်သည်လည်း  စစ်ကောင်စီ လက်အောက်ခံ အထက(၆) တွင် အထက်တန်းပြ၊  ညီမဖြစ်သူ ဒိန်ရှမ်းဟုန်သည် စစ်ကောင်စီလက်အောက်ခံ ကိုးမိုင်ကျောင်းတွင် အလယ်တန်းပြအဖြစ် တာဝန် ထမ်းဆောင်နေကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ဒီဇင်ဘာလ ၁၀ရက်နေ့က ကလေးမြို့  BMB – KTV နှင့် မာဆပ်သို့ စစ်ကောင်စီဒေါက်တိုက်များ ရောက်ရှိနေကြောင်း ပြည်သူများ၏ သတင်းပေးပို့ချက် အရ Kalay PDF ကသွားရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ မြန်မာ့စီးပွားရေးဘဏ် ခရိုင်မန်နေဂျာ ဦးထွန်းထွန်းနိုင်နှင့် အငယ်တန်းစာရေး ငြိမ်းခန့်ဇော် ၊ တပ်ကြပ် မင်းဇော်ဦး တို့ ဖမ်းဆီးခဲ့ရကြောင်းသိရသည်။

ဖမ်းဆီးရမိသူများ ပြည်သူ့ကာကွယ်ရေးတပ်၏ ထိန်းချုပ်နယ်မြေအတွင်း ခေါ်ယူချိန် တွင် တပ်ကြပ်မင်းဇော်ဦးက ခုခံပြီးထွက်ပြေးသဖြင့် အသေပစ်ခတ်ဖမ်းဆီးခဲ့ ရကြောင်း သိရသည်။
အဆိုပါ ဘဏ်ဝန်ထမ်းနှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားကြောင်း ရဲမှူးအောင်ကြီးက ပြောသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly