ကလေးမြို့တွင် ကားလမ်းများ ပြန်ပွင့်သော်လည်း ဓာတ်ဆီဈေးမကျသေး

By ပါခွီး (မဇ္စျိမ)
27 August 2023
ကလေးမြို့တွင် ကားလမ်းများ ပြန်ပွင့်သော်လည်း ဓာတ်ဆီဈေးမကျသေး
ပုံအညွှန်း-  စက်သုံးဆီစျေးနှုန်းဖော်ပြထားသည့် ဆိုင်းဘုတ် (ဓာတ်ပုံ- ပုံဟောင်း)

စစ်ကိုင်းတိုင်း ၊ ကလေးမြို့သို့ ဝင်ရာလမ်းဖြစ်သည့် မဟာမြိုင်လမ်း ပိတ်နေသောကြောင့် ဓာတ်ဆီများ ပြတ်လပ်၍ စျေးတက်ကာ အကန့်အသတ်ဖြင့် ရောင်းချလျက်ရှိရာ ဩဂုတ်လ ၂၆ရက်တွင် လမ်းပြန်ပွင့်၍ စက်သုံးဆီတင်ကားများဝင်ရောက်လာသော်လည်း  ဈေးမကျသေးကြောင်းဒေသခံများက ပြောသည်။

လက်ရှိတွင် ကလေးမြို့၌ ဓာတ်ဆီကို အကန့်အသတ်ဖြင့် ရောင်းချလျက်ရှိပြီး စျေးနှုန်းများမှာလည်း  ဓာတ်ဆီ တဂါလံ (၄.၅ လီတာ) လျှင်  ၁၂၅၀၀ကျပ် မှ ၂၀၀၀၀ကျပ်အထိ ပေါက်စျေးရှိနေပြီး လက်လီစျေး တလီတာလျှင် ၅,၀၀၀ ကျပ်အထိ ရှိနေကြောင်း သိရသည်။ 

“ ဆီကားတွေတော့ ဝင်နေပြီဗျ။ ဆီက ပြန်ရနေပါပြီ။  မနက်ဖြန်လောက်ဆိုရင် ပုံမှန်ပြန်ဖြစ်မယ်ထင်ပါတယ်။ ဝင်နေပြီဆိုတော့ ဈေးတင်ရောင်းတာကို ဝယ်မိသူတွေနာမှာ” ဟု အမည်မဖော်လိုသည့် ဒေသခံက မဇ္စျိမ ကိုပြောသည်။

ကလေးမြို့သို့ စက်သုံးဆီတင်ကားများ ဝင်ရောက်နေသော်လည်း ဒေသခံများမှာ ဆီဆိုင်များတွင် အလုအယက် ဝယ်နေဆဲဖြစ်ကြောင်း သိရသည်။ 

“ ဘယ်ဆီဆိုင်မှာ ဆီရနိုင်သေးလဲဆိုတာနဲ့ စျေးနှုန်းတွေကို အချင်းချင်းမေးမြန်းပြီး အသည်းအသန်ဝယ်နေကြတုန်းပဲ“ဟု ဒေသခံ တဦးကပြောသည်။ 

ရန်ကုန်နှင့် မန္တလေးတွင် ယနေ့ သြဂုတ်လ ၂၇ ရက်၌ ဓာတ်ဆီပေါက်စျေးမှာ တလီတာလျှင် ၂,၂၀၀ ကျပ် ဝန်းကျင်မှ ၂,၄၀၀ ကျပ် ဝန်းကျင် ပေါက်စျေးရှိနေသဖြင့် စျေးနှုန်းများနှိုင်းယှဥ်ပါက ကလေးမြို့တွင် ဓာတ်ဆီစျေးနှုန်းမှာ တစ်ဆကျော်မြင့်တက်နေခြင်းဖြစ်သည်။  ဓာတ်ဆီစျေးများမြင့်တက်နေသော်လည်း ဒီဇယ်စျေးနှုန်းများ မြင့်တက်ခြင်းမရှိကြောင်း ကလေးမြို့ဒေသခံက ဆိုသည်။

ကလေးမြို့နယ်နှင့် ချင်းပြည်နယ်အဝင်လမ်းဖြစ်သော တန့်ဆည်ဘက်တွင် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးအဖွဲ့ဝင်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဩဂုတ်လ ၅ရက် နေ့မှ၍ ယင်းလမ်းကိုပိတ်ခဲ့ရာ စက်သုံးဆီများအပါအဝင် လူသုံးကုန်များ ပြတ်လပ်၍ ဈေးမြှင့်တက်ခဲ့ခြင်းဖြစ်သည်။

မည်သည့်အဖွဲ့အစည်းက ယင်းလမ်းကို ပိတ်ခြင်းဖြစ်ကြောင်း မသိရသော်လည်း အကျိုးဆက်အဖြင့် ပြည်သူများ အခက်အခဲများနှင့် ကြုံတွေရကြောင်းဒေသခံ က ပြောသည်။

အဆိုပါ ကလေးမြို့ - မဟာမြိုင်လမ်းကို သုံးရက်သာဖွင့်ပေးမည်ဖြစ်ကြောင်း ဒေသတွင်းသတင်းများပြန့်နှံ့နေသော်လည်း လမ်းအဖွင့်၊အပိတ်သည် စစ်ရေး အခြေအနေပေါ်မူတည်ကြောင်း ဒေသခံက ဆိုသည်။

အလားတူ ကလေးမြို့မှ တမူးမြို့သို့သွားရာလမ်းဖြစ်သည့် ပန်းသာမြို့တွင် အခြေစိုက် တပ်စွဲထားသောစစ်ကောင်စီတပ်နှင့် လက်အောက်ခံများနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ ဇွန်လ၁၅ရက်နေ့မှ စတင်၍ တိုက်ပွဲ များဖြစ်ပွားနေလျက်ရှိရာ လမ်းများပိတ်ဆို့လျက်ရှိနေကြောင်းသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required