ရင်ပေါင်တိုင်ကျေးရွာသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး၀င်ရောက်လာ၍ ဒေသခံများ ထွက်ပြေးနေရ

By MTO(မဇ္ဈိမ)
22 October 2023
ရင်ပေါင်တိုင်ကျေးရွာသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး၀င်ရောက်လာ၍ ဒေသခံများ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာသည့်အတွက် ဒေသခံများထွက်ပြေးနေရကြောင်း သိရသည်။

အောက်တိုဘာလ ၂၂ ရက် ယနေ့ နံနက်အစောပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းက ကျေးရွာအတွင်းသို့ လက်နက်ကြီးလက်နက်ငယ်များဖြင့်ပစ်ခတ်ပြီး ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။

“မနေ့က ရင်ပေါင်တိုင်နဲ့ချောင်းပဲခြားတဲ့ ပုလဲမြို့နယ်ဖက်ကရွာတွေကိုဝင်နေပြီဆိုကတည်းက ရွာကလူ တွေ အကုန်ရှောင်နေကြတာ၊ ဒါကြောင့်ဒေသခံတွေ ပိတ်မိနေတာမျိုးမရှိဘူး”  ဟု ရင်ပေါင်တိုင်ရွာခံတဉီး က ပြောသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ပြီးခဲ့သည့်ရက်ပိုင်းက ယင်းမာပင်မြို့နယ် သဲကုန်းရွာ၌ အမျိုးသား ခြောက်ဦးကို ရက်ရက်စက်စက်သတ်ဖြတ်သွားသည့် စစ်ကြောင်းဖြစ်ကြောင်းဖြစ်ပြီး ယင်းမာပင်နှင့် ပုလဲ မြို့နယ်ကို လှည့်ပတ်စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

ယနေ့ အောက်တိုဘာလ ၂၂ ရက်နေ့ ညနေပိုင်းအထိ ၎င်းစစ်ကြောင်းသည် ရင်ပေါင်တိုင်ရွာအတွင်း တပ်စွဲ ထားပြီး ရွာအတွင်းမှ အခြေအနေကို မသိရသေးကြောင်း ဒေသခံတဦးက ပြောသည်။

“ အခုထိတော့ ရွာထဲမှာပဲရှိသေးတယ်။ ဘာတွေလုပ်သွားလဲဆိုတာတော့ သူတို့ ထွက်သွားမှသိရမှာပဲ” ဟု ၎င်းကပြောသည်။

ကျားဘီလူးစစ်ကြောင်းဟုကြွေးကြော်ကာ လူမဆန်သည့်လုပ်ရပ်များကို ဆောင်ရွက်နေသည့်အတွက် သတိဖြင့်သွားလာနေထိုင်ပြီး စစ်ကြောင်းထိုးလာပါက ဘေးလွတ်ရာသို့ တိမ်ရှောင်ကြရန်လိုအပ်ပြီး ကျေးရွာများအတွင်းသို့ ပြန်လည်ဝင်ရောက်မည်ဆိုပါကလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့များ နယ်မြေ ရှင်းလင်းရေးလုပ်ဆောင်ပြီးမှသာ ဝင်ရောက်ကြရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက သတိပေးထားသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly