ကျိုက်ထီးရိုးတောင်ခြေရှိ ကင်မွန်းချောင်းရဲစခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်

By YT(မဇ္ဈိမ)
22 October 2023
ကျိုက်ထီးရိုးတောင်ခြေရှိ ကင်မွန်းချောင်းရဲစခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်
ပုံအညွှန်း- ကင်မွန်းချောင်းနယ်မြေရဲစခန်း အဝင်ဆိုင်းဘုတ် ( ဓါတ်ပုံ- လူမှုကွန်ယက်)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာရှိ ကင်မွန်းချောင်းနယ်မြေရဲစခန်းအား တပ်မဟာ(၁)ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

အောက်တိုဘာလ ၂၂ ရက် ယနေ့ နံနက် ၅ နာရီမှစ၍ ကင်မွန်းချောင်းနယ်မြေရဲစခန်းအား တပ်မဟာ(၁) KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး  နှစ်ဖက်ပစ် ခတ်မှု တနာရီနီးပါး ကြာမြင့်ခဲ့ကြောင်း သိရသည်။

“မနက် ၅ နာရီလောက်မှာ စဖြစ်တာပါ။ ရဲစခန်းအုတ်တံတိုင်းအထိရောက်ပြီးမှ ပြန်ဆုတ်ခဲ့ရတယ်။ စခန်း သိမ်းနိုင်တဲ့အထိတော့ မရောက်ခဲ့ပါဘူး။ ရန်သူ့ဘက်က အထိအခိုက်ကို စုံစမ်းနေဆဲပါ” ဟု တပ်မဟာ (၁) သတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ အထိအခိုက်ကိုစုံစမ်းနေဆဲဖြစ်ပြီး တိုက်ပွဲပြီး၍ ပြန်ဆုတ်ခွာလာ ချိန် စစ်ကောင်စီတပ်က ပစ်ခတ်သော ၆၀ မမ လက်နက်ကြီးထိမှန်၍ တပ်မဟာ (၁) KNLA ၊ PDF ပူးပေါင်း တပ်ဖွဲ့ဘက်တွင် ရဲဘော်နှစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ကင်မွန်းချောင်းကျေးရွာသည် ကျိုက်ထီးရိုးတောင်ခြေရှိ တောင်တက်ယာဉ်ဂိတ်တည်ရှိရာ ကျေးရွာဖြစ်ပြီး တောင်တက်ဂိတ်နှင့် ကင်မွန်းချောင်းနယ်မြေရဲစခန်းမှာ တမိုင်ဝန်းကျင်သာကွာဝေးကြောင်း သိရသည်။

လာမည့် အောက်တိုဘာလ ၂၉ ရက် သီတင်းကျွတ်လပြည့်နေ့တွင် ကျိုက်ထီးရိုးတောင် စတင်ဖွင့်လှစ် မည်ဖြစ်ပြီး ယခုရက်ပိုင်းအတွင်း ဘုရားဖူးလာရောက်သူ အများအပြားရှိနေကြောင်း ဒေသခံများထံမှ သိရ သည်။

စစ်ကောင်စီ ရဲစခန်း၊ ဂိတ်များတည်ရှိခြင်းကြောင့် တိုက်ပွဲဖြစ်ပွားလာနိုင်ချေရှိသဖြင့် ကျိုက်ထီးရိုးသို့ ဘုရားဖူးများ လာရောက်ရန်မသင့်ကြောင်း၊ လာရောက်ခဲ့ပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်များအား တာဝန်ယူမည်မဟုတ်ကြောင်း ကျိုက်ထိုမြို့နယ် တော်လှန်ရေးအင်အားစု(KRF)က သတိပေးပြောဆို ထားသည်။

“ဒီအခြေအနေမှ မဖြစ်မနေလာပြီး ဘုရားဖူးမယ်ဆိုလို့ရှိရင် ဖြစ်လာမယ့် အကျိုးဆက်တွေကို ကျွန်တော် တို့က အစကတည်းက စာတွေထုတ်ပြီး တားမြစ်ထားတာရှိတယ်။ စကစတပ်သားတွေနဲ့ ဝေးရာမှာနေဖို့ သူတို့ရှိတဲ့နေရာတွေမှာ မနေကြဖို့။ အကယ်၍  အဲ့ဒီလိုနေပြီးတော့ ဖြစ်လာခဲတဲ့အကျိုးဆက်တွေကိုလည်း ကျွန်တော်တို့ တာဝန်ယူမှာမဟုတ်ဘူး” ဟု KRF တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့က ကင်မွန်းစခန်းကျေးရွာရှိ ကျိုက်ထီးရိုးတောင် တက်ကားဂိတ်အနီးတွင် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများအကြား ပစ်ခတ်မှုဖြစ်ပွားပြီး ဘုရား ဖူးလာရောက်သည့် ရန်ကုန်တိုင်းမှ အမျိုးသမီးသုံးဦးသေဆုံး၍ အများအပြားထိခိုက်ဒဏ်ရာရခဲ့သည်။

စာတည်း။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required