မြိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခြင်းကြောင့် သမ္ဗာန်လှေများ နစ်မြုပ်

By ကိုရွှေမြိတ်(မဇ္ဈိမ)
18 July 2023
မြိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခြင်းကြောင့် သမ္ဗာန်လှေများ နစ်မြုပ်

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ယနေ့ ဇူလိုင်လ ၁၈ ရက် နံနက်ပိုင်းက မိုးသည်းထန်ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းကြောင့် သမ္ဗာန်လှေများနစ်မြုပ်သည့်အတွက်  ခရီးသွားများအခက်ကြုံနေရသည် ဟု ဒေသခံများထံမှ သိရသည်။

“မနက်က မိုးတအားရွာတယ်။ လေပြင်းတွေတိုက်လို့ လှေတွေလှိုင်းပုတ်ပြီးနစ်ကုန်တာ”ဟု ဆိပ်ငယ်ရပ် ကွက်မှဒေသခံတဦးက ပြောသည်။

မိုးရွာသွန်းမှုနှင့် လှိုင်းလေပုတ်ခတ်မှုကြောင့်  မြိတ်ကမ်းနားလမ်းတွင် စက်တပ်သမ္ဗာန်လှေ ၁၀ စီးခန့် နစ်မြုပ်ခဲ့ရသည့်အတွက် ခရီးသွားများ အခက်ကြုံနေရသည်ဟုလည်း ဒေသခံများကပြောသည်။
စက်တပ်သမ္ဗာန်လှေများမှာ မြိတ်မြို့နှင့် ပထော်ကျွန်း၊ ပထက်ကျွန်းကို အဓိကကူးခတ်ပို့ဆောင် ပေးနေ ခြင်းဖြစ်သည်ဟု သိရသည်။

ထို့ပြင် မြိတ်မြို့၌ ယနေ့နံနက်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် အုန်းပင်ပိ၍ အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်းလည်း မြိတ်မြို့ရှိလူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
ယနေ့မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြိတ်ကမ်းနားတလျှောက် ဒီရေများတက်လာသည် ဟုလည်း ဒေသခံများကပြောသည်။ လေပြင်းတိုက်ခတ်ခြင်းကြောင့်  လူနေအိမ်များပေါ်သို့ သစ်ပင်များ လဲကျကာ ထိခိုက်ပျက်စီးမှုများရှိသည်ဟုလည်း သိရသည်။

“မြို့ထဲမှာတော့ ဘာမှမဖြစ်ဘူးလို့ သိရတယ်၊ အဓိကတော့ မြို့ပြင်ကရပ်ကွက်တွေမှာ သစ်ပင်တွေလဲတာ များတယ်”ဟု ကလွင်ကျေးရွာနေဒေသခံတဦးကလည်း ပြောသည်။

အလားတူ မြိတ်မြို့အပါဝင် ထားဝယ်နှင့် ကော့သောင်းမြို့နယ်များရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် မိုးသက်လေပြင်းကြောင့် သစ်ပင်နှင့် နေအိမ်များပြိုကျပျက်စီးမှုများရှိကြောင်း တနင်္သာရီတိုင်း၏ မီးသတ် ဦးစီးဌာနက ယနေ့ နံနက်ပိုင်း၌ ထုတ်ပြန်ထားသည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

ပုံစာ။      ။ ယနေ့မနက် မြိတ်မြို့ကမ်းခြေနှင့် သစ်ပင်ပိသေဆုံးသူကို ကယ်ဆယ်ရေးလုပ်ဆောင်ပေးနေကြပုံ။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required