မြိတ်တွင် ညဉ့်နက်ပိုင်းအချိန် သွားလာသူများကို ရဲက ဖမ်းဆီးငွေညှစ်

By ကိုရွှေမြိတ်(မဇ္ဈိမ)
25 October 2023
မြိတ်တွင် ညဉ့်နက်ပိုင်းအချိန် သွားလာသူများကို ရဲက ဖမ်းဆီးငွေညှစ်

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ညဉ့်နက်ပိုင်းအချိန် သွားလာနေသူများကို စစ်ကောင်စီလက် အောက်ခံ ရဲတပ်ဖွဲ့က စောင့်ဆိုင်းဖမ်းဆီးပြီး ငွေညှစ်နေကြောင်း မြို့ခံများထံမှ သိရသည်။

နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်မောင်ကိုကိုနှင့် ပျူစောထီးအဖွဲ့များက ဖမ်းဆီးမှုအများဆုံးဖြစ်ပြီး တဦး လျှင် ကျပ်၂၀၀,၀၀၀ မှ ၃၀၀,၀၀၀ အထိ တောင်းခံပြီး မပေးနိုင်သူများကို ထောင်တလကျခံရမည်ဟု ခြိမ်းခြောက်ကြောင်း ဖမ်းဆီးခံရသည့်လူငယ်များက ဆိုသည်။

“သုံးရက်အတွင်း ဖမ်းခံရတာ အယောက် ၄၀ ကျော်လောက်ရှိတယ်။ ဖမ်းခံရတဲ့လူတွေကို ရဲစခန်းမှာပဲ ချုပ်ထားပြီး မနက်မိုးလင်းရင် ငွေနဲ့ထုတ်ခိုင်းတာ”ဟု ဖမ်းဆီးခံရသူအား သွားထုတ်ပေးခဲ့သူတဦးကပြော သည်။

ဖမ်းဆီးခံရမှုအများစုမှာ KTV များမှ အချိန်လွန်ပြီးပြန်လာသူများကို စစ်ကောင်စီလှည့်ကင်းနှင့် ရဲတပ်ဖွဲ့တို့ က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဖမ်းခံရတာက လမ်းမှာသွားနေတုန်း ဖမ်းခံရတာမျိုး မဟုတ်ဘူး၊ KTV တွေရှေ့မှာ ည ၁၂ နာရီ နောက်ပိုင်း ရဲတွေနဲ့ ပျူတွေက ပုန်းခိုစောင့်ဆိုင်းပြီးဖမ်းနေတာ”ဟု ဖမ်းဆီခံခဲ့ရသည့် လူငယ်တဦးက ပြောသည်။

ဖမ်းဆီးခံရသူများတွင် နေအိမ်သို့ ဧည့်စာရင်းစစ်ပြီး ဖမ်းခံရသူများရှိသလို အခြားအရပ်မှ မြိတ်မြို့သို့ ရောက်ရှိပြီး ရေလုပ်သားအဖြစ်လုပ်ကိုင်နေသူများလည်းပါဝင်ကြောင်း မြို့ခံများထံမှ သိရသည်။

ဒေသတွင်း သုတေသနအဖွဲ့တခုဖြစ်သော FE5 Tanintharyi က တနင်္သာရီတိုင်းတွင် စက်တင်ဘာလ အတွင်း စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များက အရပ်သားများကို အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီး ခဲ့ကာ ဖမ်းဆီးခံရသူ ၃၁၀ ဦးထက်မနည်းရှိခဲ့ပြီး ၂၄၉ ဦး ပြန်လွတ်လာခဲ့ကာ သုံးဦးသေဆုံးခဲ့ကြောင်း ထုတ် ပြန်ထားသည်။

စာတည်း။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly