မန္တလေး ၇၈ လမ်းနှင့်သိပ္ပံလမ်းမီးပွိုင့်တွင် ဆွမ်းခံကြွလာသည့်ရဟန်း ကားတိုက်ခံရပြီး အပြင်းအထန် ဒဏ်ရာရ

By 007 (မဇ္စျိမ)
12 July 2023
မန္တလေး ၇၈ လမ်းနှင့်သိပ္ပံလမ်းမီးပွိုင့်တွင် ဆွမ်းခံကြွလာသည့်ရဟန်း ကားတိုက်ခံရပြီး အပြင်းအထန် ဒဏ်ရာရ
Photo CJ

မန္တလေးမြို့တွင် ဇူလိုင်လ ၁၁ ရက်နေ့ နံနက်ပိုင်းက ဆွမ်းခံကြွလာသောရဟန်းတပါး ကား တိုက်ခံရပြီး ဒဏ်ရာအပြင်းအထန်ရခဲ့သည့်ဖြစ်စဉ်တခုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

“ဖြစ်တာက သိပ္ပံလမ်းမီးပွိုင့်ထောင့်မှာဖြစ်တာ၊ ဆွမ်းခံကြွထွက်လာတဲ့ဘုန်းကြီးကို ကားက၀င်တိုက်ပြီး၊ ကားလည်း ပက်လက်လန်သွားတယ်၊ ဘုန်းကြီးကတော့ ဒဏ်ရာအတော်ပြင်းပြင်းထန်ထန်ရသွားတယ်” ဟု မျက်မြင်တွေ့ရှိခဲ့သူ ဒေသခံတဦးကပြောသည်။

မန္တလေး ချမ်းမြသာစည်မြို့နယ် ၇၈ လမ်းနှင့် သိပ္ပံလမ်းမီးပွိုင့်အနီးတွင် ဇူလိုင် ၁၁ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တောင်မှမြောက်သို့ မောင်းနှင်လာသော Toyota Prado အမျိုးအစားအိမ်စီးကားက ဆွမ်းခံကြွလာ သော ရဟန်းအား ၀င်တိုက်လိုက်ခြင်းဖြစ်ပြီး ၀င်တိုက်ပြီးနောက် ကားမှာလည်း ပက်လက်လန်သွားကြောင်း မျက်မြင်များကဆိုသည်။

ကားတိုက်ခံရသည့်ရဟန်းမှာ အသက် ၅၀ ၀န်းကျင်အရွယ်ဖြစ်ကြောင်းသာ သိရသေးပြီး နောက်ဆုံး သိရ သည့်သတင်းအရ မန္တလေးဆေးရုံကြီးအရေးပေါ်ကုသဆောင်တွင် ကုသပေးထားကြောင်းနှင့် ယာဉ်မောင်း ဖြစ်သူအား ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးတွင် ဖမ်းဆီးအမှုဖွင့်ထားကြောင်း သိရသည်။

မန္တလေးမြို့တွင် ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းကလည်း အောင်မြေသာစံမြို့နယ် ရွှေမန်းတောင် ဂေါက်ကွင်း အနီးတွင် ဆွမ်းကိစ္စအတွက်ကြွလာသော သက်တော် ၉၃ နှစ်၊ ဝါတော် ၂၅ ဝါရှိ ရဟန်းတပါး ကားတိုက်ခံ ရပြီး  ပျံလွန်တော်မူခဲ့သည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required