စစ်အာဏာရှင် လက်အောက်၌ မြန်မာနိုင်ငံက နက်ရှိုင်းသည့် အကြမ်းဖက်မှုများဆီ ဆက်လက်သက်ဆင်းနေဟု ကုလသမဂ္ဂ ပြော

စစ်အာဏာရှင် လက်အောက်၌ မြန်မာနိုင်ငံက နက်ရှိုင်းသည့် အကြမ်းဖက်မှုများဆီ ဆက်လက်သက်ဆင်းနေဟု ကုလသမဂ္ဂ ပြော
ဓါတ်ပုံ- KNU နယ်မြေမှ စစ်ဘေးရှောင်အမျိုးသမီးများ

မြန်မာနိုင်ငံသည် “အဆင်အခြင်မဲ့သော စစ်အာဏာရှင်၏ ထင်ရာစိုင်းမှု၌ နက်ရှိုင်းသော အကြမ်းဖက်မှုများဆီ ဆက်လက်ကျဆင်းနေကြောင်း” ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲက ကြာသပတေးနေ့တွင် ပြောသည်။

“မြန်မာပြည်သူတွေ ဘေးဒုက္ခတွေကို ကြံ့ကြံ့ခိုင်နေမှုဟာ စိတ်ကူးလို့တောင် မဖြစ်နိုင်သလောက်ပါပဲ”ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ၅၃ ကြိမ်မြောက် အစည်းအဝေး တစ်စိတ်တစ်ဒေသအဖြစ် ဂျီနီဗာ၌ မြန်မာအရေး ဆွေးနွေးမှုတွင် ဗိုကာ တက်ခ်က ပြောခြင်း ဖြစ်သည်။

“အခုထိ မြန်မာနိုင်ငံဟာ နက်ရှိုင်းတဲ့ အကြမ်းဖက်မှုတွေနဲ့ ရင်နာစရာဆီကို ဆက်လက် သက်ဆင်းနေပါတယ်”ဟု ၎င်းက ပြောသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်၌ စစ်အာဏာသိမ်းချိန်မှစကာ မြန်မာနိုင်ငံသည် တရိပ်ရိပ် ကျဆင်းနေသော စီးပွားရေး၊ ဆိုးဝါးလာနေသည့် ဆင်းရဲမွဲတေမှုနှင့် သဘာဝသယံဇာတအပေါ် အမြတ်ထုတ်ခြင်း၊ ထင်ရာစိုင်း ဖမ်းဆီးခြင်း၊ လူပျောက်ဆုံးစေမှုများနှင့် နှိပ်စက်ညှဥ်းပန်းမှုများ ဖြစ်ပွားနေသည်ကို ၎င်းက ရှေရှုပြောဆိုသည်။

“ကောင်စီထံ ကျွန်တော် ဒီကနေ့ တင်ပြတဲ့ အစီရင်ခံစာဟာ ပြည်သူတွေအတွက် အသက်ကယ် လူသားချင်း စာနာထောက်ထားရေး အကူအညီတွေကို စစ်တပ်က အကွက်ကျကျ ငြင်းဆန်နေတာကို ဦးတည်ပါတယ်”ဟု ဗိုကာ တက်ခ်က ပြောသည်။ “စစ်တပ်ဟာ လိုအပ်နေတဲ့ မြန်မာပြည်သူတွေ အကူအညီတွေ မရအောင် တရားရေး၊ ဘဏ္ဍာရေးနဲ့ ဗျူရိုကရေစီ အတားအဆီးတွေနဲ့ ပိတ်ဆို့နေတာ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။

အားချင်း စားနပ်ရိက္ခာနှင့် အာဟာရ ထောက်ပံ့မှု လိုအပ်နေသည့် မြန်မာပြည်သူပေါင်း ၁၅ ဒသမ ၂ သန်း ရှိနေကြောင်း တက်ခ်က မှတ်ချက်ပြုသည်။

“မြန်မာပြည်သူတွေကို ဆင်းရဲဒုက္ခက ဆွဲထုတ်နိုင်ဖို့၊ လွတ်လပ်ပြီး ဘေးကင်းစွာ နေထိုင်ရှင်သန်သွားနိုင်ဖို့ လိုအပ်သမျှ အခြေအနေကို ကျွန်တော်တို့ ဖော်ဆောင်ကြရာမှာ အရေးတကြီးအဆင့် လိုအပ်နေပါတယ်”ဟု ၎င်းက တိုက်တွန်းပြောဆိုသည်။

အာဏာသိမ်းပြီးချိန်မှစကာ စစ်တပ်၏ လက်ချက်ကြောင့် သေဆုံးရသူပေါင်းသည် ၃,၇၄၇ ဦးရှိပြီး ဖမ်းဆီးခံထားရသူပေါင်း ၂၃,၇၄၇ ဦးအထိ ရှိသည်ကို ယုံကြည်ရသည့် ရင်းမြစ်များက ဖော်ပြကြောင်း တက်ခ်က ၎င်း၏ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြသည်။ ယခု နှုန်းထားမှာလည်း မှတ်တမ်းတင် အတည်ပြုနိုင်သလောက်သာ ဖြစ်၍ အနည်းဆုံးဖြစ်ပြီး အမှန်တကယ် နှုန်းထားက ယခုထက် ပို၍ မြင့်မားနိုင်သည်ဟုလည်း ၎င်းက ဆိုသည်။

အကြီးအကျယ် ဖျက်ဆီးရန် စစ်တပ်သည် ၎င်း၏ ရက်စက်သော “ဖြတ်လေးဖြတ်” မဟာဗျူဟာကို ဆက်လက်ကျင့်သုံးနေကြောင်း၊ အာဏာသိမ်းပြီးမှနောက်ပိုင်း နိုင်ငံတစ်ဝန်းတွင် အိမ်ခြေပေါင်း ၇၀,၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးထားကြောင်း၊ ပြည်သူ ၁ ဒသမ ၅ သန်း နေအိမ်စွန့် ထွက်ပြေးရပြီး လူသားချင်း စာနာထောက်ထားမှု အကူအညီများ ရရှိမှု နည်းပါးလှကြောင်း တက်ခ်က ဆိုထားသည်။

ရွေးကောက်ခံ အစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းကာ သဘောထားကွဲလွဲသူများကို ဖြိုခွင်းရန် လူမဆန်စွာ အပြင်းအထန် တိုက်ခိုက်ခြင်းများနောက မြန်မာနိုင်ငံသည် ကြီးထွားလာနေသော အကြမ်းဖက်မှုများနှင့် စီးပွားရေး အကျပ်အတည်းကို ကြုံဆုံနေရလျက် ရှိသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly