ကလေးမြို့တောင်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်

By ပါခွီး (မဇ္စျိမ)
28 May 2023
ကလေးမြို့တောင်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်
CNDF/Vakok တပ်ရင်းမှ ရဲဘော်များ

စစ်ကိုင်းတိုင်း ၊ ကလေးမြို့တောင်ပိုင်းသို့ မေလ၂၇ရက်က အင်အား ၅၀ခန့်ဖြင့် ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF)  တာဝန်ရှိသူထံက သိရှိရသည်။

“တက်လာတယ်ကြားလို့ ချုံခိုပြီး မိုင်းဆွဲတိုက်တာ ။  မိုင်းဆွဲပြီးတော့ တရစပ်ပစ်ကြတာ ၊ ဒီကောင်တွေ အလောင်းတွေကို ဝါးတွေနဲ့ချီပြီးသယ်ကြတာ။ စစ်ကောင်စီတပ်သားတွေ သေဆုံး ၁၅လောင်းတော့ သေချာတယ်” ဟု CNDF တာဝန်ရှိသူက မဇ္စျိမ ကိုပြောသည်။

ကြိုတင်သတင်းရထားသည့်အတွက် ဇင်းကလင်းရွာနှင့် ပေါက်ခုံရွာကြားတွင် စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ပြီးနောက် နံနက် ၅နာရီ မှ နံနက် ၆နာရီ ၃၀ မိနစ်အထိ ကြာချိန် တစ်နာရီခွဲခန့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF/Vakok)တပ်ရင်း ၊ Kalay PDF မိုင်းအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ဘက်တွင် အထိအခိုက်မရှိကြောင်းလည်း သိရသည်။

မေလ ၂၇ရက် နံနက် ၈နာရီ ၁၉မိနစ် အချိန်က ကလေးမြို့တောင်ပိုင်းတွင် အင်အား ၈၀ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့ကို CNDF တပ်မဟာ (၁) ၊ ကလေး (ပကဖ) နှင့် မြို့ပြစီမံချက်ပြောက်ကျား(UG) တို့က မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၈ ဦးသေဆုံးကြောင်း ထုတ်ပြန်ထားသည်။

ထို့နောက် စစ်ကောင်စီတပ်ဖွဲ့က သေဆုံးဒဏ်ရာရရှိသော တပ်ဖွဲ့ဝင်များကို သယ်ဆောင်၍ ကလေးမြို့ဖက်သို့ ဆုတ်ခွာလာရာ နံနက် ၁၁နာရီ ၅၉မိနစ်တွင် ကာကွယ်ရေးတပ်ဖွဲ့က ဒုတိယအကြိမ်မိုင်းဆွဲတိုက် ခိုက်ခဲ့ကြောင်း သိရသည်။

စာတည်း။     ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly