မုံရွာ - ချောင်းဦးလမ်းပိုင်း၌ ကြေးနီသယ်လာတဲ့ကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရ

By ပါခွီး (မဇ္စျိမ)
12 May 2023
မုံရွာ - ချောင်းဦးလမ်းပိုင်း၌ ကြေးနီသယ်လာတဲ့ကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရ

 

စစ်ကိုင်းတိုင်း ၊ မုံရွာ နှင့် ချောင်းဦးမြို့နယ်လမ်းပိုင်း တစ်နေရာတွင် ကြေးနီသယ်လာသည့် ကားတန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Area 71 PDF Monywa ထံမှ သိရသည်။ 

အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ ကြေးနီများသယ်ဆောင်လာပြီး ကားများဖြင့် ငါးစီး တစ်သုတ် ၊ လေးစီး တစ်သုတ် ၊ နှစ်စီး တစ်သုတ် ခွဲ၍ ထွက်ခွာလာသော ယာဉ်များကို မေလ ၁၁ရက် မွန်းလွဲ ၁နာရီ ၁၅မိနစ်အချိန်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ 

“ကြေးနီ ကားမိုင်းဆွဲတာမှာ လူထိခိုက်မှုကိုတော့ မသိရဘူးဗျ၊ ကားကတော့ ရှေ့ဆက်ပြီး မောင်းမရတော့တာကို သိရပါတယ်” ဟု Area 71 PDF Monywa တာဝန်ရှိသူက မဇ္စျိမ ကိုပြောသည်။ 

အဆိုပါ အသုတ်လိုက်ခွဲပြီး ကြေးနီများတင်ဆောင်လာသည့် ၁၂ဘီးကားတန်း၏ နှစ်စီးအသုတ် ထွက်လာသော ကားတန်း ပထမမြောက်ကားကို စစ်ကောင်စီတပ်ကင်းပုန်းများ၏ မလှမ်းမကမ်းမှနေ၍ ပဒေသာမိုင်း ကိုးလုံးတစ်တွဲဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ 

ယင်းသို့ တိုက်ခိုက်မှုကြောင့် ကားမှာ ထိုးရပ်သွားခဲ့ပြီး လူအသေအပျောက်ကိုမူ မသိရှိရကြောင်း နှင့် အနီးဝန်းကျင်ရှိ ကင်းပုန်းဝပ်နေသောစစ်ကောင်စီတပ်သားများမှ ပတ်ဝန်းကျင်သို့ ရမ်းသန်းပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ကြောင်းသိရသည်။ 

မေလ ၁၂ရက် ယနေ့ နံနက်အချိန်အထိ ချောင်းဦး မှ  မုံရွာ အထိစစ်ကောင်စီတပ်သားများ လုံခြုံရေးဆက်လက်ယူထားလျက်ရှိနေပြီး သာမန် ကြေးနီသယ်သည့် ကားတန်းလုံခြုံရေးအတွက်သာမက အရေးကြီးပစ္စည်းများသယ်ယူရန် အစီစဉ်ရှိနိုင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက သုံးသပ် ပြောဆိုသည်။ 

ဦးပိုင်ကုမ္ပဏီနှင့်ဖက်စပ်လုပ်ကိုင်နေသော ဝမ်ပါင် -မြန်မာ နှင့် ယမ်စီ - မြန်မာတို့မှ တစ်လလျှင် တစ်ကြိမ်ခန့် ကြေးနီများသယ်ဆောင်လေ့ရှိကြောင်း သိရသည်။ 

မေလ ၁၀ရက် ညနေ ၅နာရီ ၂မိနစ်အချိန်က စစ်ကိုင်းမှ ထွက်လာသော စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် ကားသုံးစီးတန်းကို ချောင်းဦး - မုံရွာလမ်းပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။ 

ကာကွယ်ရေးတပ်ဖွဲ့၏ ကြိုတင်ပြင်ဆင်ထားသော မိုင်းပွိုင့် တည်နေရာပေါ်သို့ လာရာက်ရပ်နားနေကြောင်း စစ်ကောင်စီတပ် ကင်းပုန်းအထပ်ထပ်ချထားသည့်ကြားမှ ပွိုင့်စောင့်ကြည့်ရေးရဲဘော်၏ သတင်းပေးချက်အရ ဖောက်ခွဲခဲ့ခြင်းဖြစ်ကြာင်း ဆိုသည်။ 

“စကစ တစ်ယောက်ရောက်၊ ပက်လက်လန်ပြီး ပွဲချင်းပြီး သေသွားတာကို မြင်တွေ့ခဲ့ရပါတယ်” ဟု Area 71 PDF တာဝန်ရှိသူက ဆက်လက်ပြောဆိုခဲ့သည်။ 

စစ်ကောင်စီတပ် ကားသုံးစီးကို ပဒေသာမိုင်း လေးလုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်းဆိုသည်။ 

စစ်ကောင်စီတပ်၏ မိုင်းရှင်းလင်းရေးများတွင် တော်လှန်ရေးအင်အားစုများ၏ မိုင်းများ ဆုံးရှုံးခဲ့ရပြီး ကင်းပုန်းအထပ်ထပ်ချထားသည့်ကြားမှ မဖြစ်ဖြစ်တဲ့နည်းနဲ့ စစ်ကောင်စီတပ်လမ်းကြောင်းများကို အလျော့မပေးသည့်စိတ်ဓါတ်ဖြင့် ဟန့်တားတိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောဆိုခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly