အကျဉ်းချခံထားရသော်လည်း မေ့လျော့ခံရခြင်း မရှိသူ

အကျဉ်းချခံထားရသော်လည်း မေ့လျော့ခံရခြင်း မရှိသူ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိအချိန်တွင် နေပြည်တော် အကျဉ်းထောင်အတွင်းရှိ အဆောက်အအုံတစ်ခု၌ တစ်ဦးတည်း နေထိုင်ရပြီး အကျဉ်းချခြင်းခံထားရသည်။

သူမသည် အများမြင်ကွင်းမှ ပျောက်ကွယ်နေသော်လည်း ပြည်သူများက သူမကို မေ့လျော့ထားခြင်း မရှိပေ။

သူမ၏ ယခုနောက်ဆုံး ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်ခံရမှုမတိုင်မီ အချိန်ကာလများတုန်းက သူမသည် သူမ၏ အိမ်အကူများ၊ အချစ်တော်ခွေးလေးတို့နှင့်အတူ ရှိနေခွင့်ရခဲ့သည်။

ယခုအခါတွင် သူမ ရှိနေသည့် အဆောက်အအုံက တိတ်ဆိတ်ငြိမ်သက်နေသည်။ လက်ရှိ နိုင်ငံတွင် ပြည်တွင်းပဋိပက္ခစစ်မီးတောက်လောင်နေချိန် သူမအနေဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံထားရစဉ် သူမသည် တရားထိုင်ရင်း အချိန်ကုန်ဆုံးတတ်ကြောင်း သိရသည်။

သို့သော် ပိုနေမြဲ ကျားနေမြဲ အခြေအနေကို စိန်ခေါ်ရန် ဟန်ပြင်လျက် ရှိသည့် အရွေ့များ ရှိနေသည်။

အဂတိလိုက်စားမှု၊ ရွေးကောက်ပွဲ ဥပဒေနှင့် အစိုးရလျှို့ဝှက်ချက် အက်ဥပဒေများ ချိုးဖောက်မှုအတွက် ပြစ်ဒဏ်များချမှတ်ခံထားရခြင်းနှင့်ပတ်သက်ပြီး ဖြုတ်ချခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အယူခံတစ်ရပ်ကို မြန်မာ၏ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ကြားနာသွားမည် ဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။

အသက် ၇၇ နှစ်အရွယ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် စွပ်စွဲခံရသည့် အမှုပေါင်း တစ်ဒါဇင်ကျော်ဖြင့် ပြစ်ဒဏ်များ စီရင်ချမှတ်ခံရပြီးနောက် ထောင်ဒဏ် ၃၃ နှစ်အထိ ချမှတ်ခံထားရသည်။

အမှုများက အဓိပ္ပါယ်မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသလို ယင်းတို့က သူမ၏ နိုင်ငံရေးလမ်းကြောင်းကို ဖျက်ဆီးရန် အာဏာသိမ်းစစ်အုပ်စုက ဇာတ်တိုက်ကြံစည်ခြင်း ဖြစ်ကြောင်း သူမ၏ မဟာမိတ်များက ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ အပြတ်အသတ်အနိုင်ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဦးဆောင်သော အစိုးရ၏ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် အခြားသူများကို ဖမ်းဆီးထိန်းသိမ်းပြီး ၂၀၂၁ ၊ ဖေဖေါ်ဝါရီ ၁ ရက်တွင် အာဏာသိမ်းခဲ့သည့် စစ်အုပ်စုအပေါ် စိတ်ရှည်သည်းခံမှု ကုန်ဆုံးလျက်ဖြင့် အထူးသဖြင့် အမေရိကန်နှင့် ယူကေ အပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ရန် ဆက်လက် တောင်းဆိုလျက် ရှိသည်။

အာဏာသိမ်းစစ်အုပ်စုသည် ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ရန်နှင့် နိုင်ငံရေးလောကမှ ဖယ်ရှားရန် ကြိုးပမ်းသည့်အနေဖြင့် သူမအပေါ် ပြစ်မှုအများအပြားဖြင့် စုပြုံ စွဲဆိုရန် ကြိုးပမ်းထားခဲ့သည်။ တစ်ချိန်တည်းမှာပင် အာဏာသိမ်းစစ်တပ်သည် ကိုယ့်ပြည်သူအပေါ် တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်နေသည်။

၂၀၂၂ ၊ ဒီဇင်ဘာလက ဆုံးဖြတ်ချမှတ်ခဲ့သည့် နောက်ဆုံးအမှုအရ ဒေါ်အောင်ဆန်းစုကြည် ချမှတ်ခံရသည့် ထောင်ဒဏ်စုစုပေါင်းကို ၃၃ နှစ်အထိ ရောက်ရှိစေခဲ့သည်ဖြစ်ရာ ယင်းသည် အခြေခံအားဖြင့် သူမအတွက် ထောင်ဒဏ်တစ်သက်သဖွယ် ဖြစ်နေသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် အယူခံကို ကြားနာသွားမည် ဖြစ်သော်လည်း ကြားနာမည့် နေ့ကို သတ်မှတ်ရသေးခြင်း မရှိဟု သတင်းရင်းမြစ်တစ်ဦးထံမှ သိရကြောင်း ရိုက်တာက ဖော်ပြသည်။ အယူခံသည် သမ္မတ ဦးဝင်းမြင့်၏ ကိုယ်စား အတွက်လည်း ဖြစ်မည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အဂတိလိုက်စားမှုမှ စပြီး လမ်းလျှောက်စကားပြောစက်များ တရားမဝင် ပိုင်ဆိုင်မှုနှင့် ကိုဗစ် စည်းမျဉ်း ချိုးဖောက်မှုအထိ အမှုအများအပြားဖြင့် တရားစွဲဆိုခံခဲ့ရသည်။

သူမသည် အစိုးရ ဝန်ကြီးတစ်ဦးအတွက် ရဟတ်ယာဉ်တစ်စင်း ငှားရမ်း၊ ပြုပြင်ထိန်းသိမ်း၊ ဝယ်ယူမှုနှင့် ဆက်နွယ်သည့် အဂတိလိုက်စားမှု စွဲချက်ငါးခုအတွက် ၂၀၂၂ ၊ ဒီဇင်ဘာတွင် ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခြင်း ခံရသည်။

ထိုအမှုတွင် သူမသည် နိုင်ငံတော်အတွက် ဆုံးရှုံးမှုဖြစ်စေခဲ့သည်ဟု စွပ်စွဲခြင်း ခံခဲ့ရသည်။

“လူအများစုကတော့ အဲဒါကို အမှန်အဖြစ် လက်ခံယုံကြည်မှာ မဟုတ်ပါဘူး။

အဂတိလိုက်စားမှု စွဲချက်တွေက အဓိပ္ပါယ်မှ မရှိတာပဲ” ဟု နောက်ဆုံး ပြစ်ဒဏ်ချမှတ်ခံရမှု နောက်ပိုင်းတွင် ဩစတြေးလျ Curtin တက္ကသိုလ်မှ တွဲဖက်ပါမောက္ခ ဒေါ်ထွေးထွေးသိန်းက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှု၊ အုပ်ချုပ်မှု ဒါမှမဟုတ် နေပုံထိုင်ပုံထဲမှာ ဘာတစ်ခုကမှ အဂတိလိုက်စားတာနဲ့ပတ်သက်တဲ့ သေးသေးမွှားမွှား အရိပ်အယောင်ကို ပြမနေပါဘူး” ဟု သူမက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုသည့် စွဲချက်အမှုများက နိုင်ငံရေးအရ အရင်းခံနေပြီး အခြေအမြစ်မရှိဟု လူ့အခွင့်အရေးအဖွဲ့များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခဲ့သည်ကို မှတ်သားရန် အရေးကြီးသည်။

တရားမဝင်သော အာဏာသိမ်းစစ်အုပ်စုကို ဖြုတ်ချရန် ရည်ရွယ်သည့် နွေဦးတော်လှန်ရေး၏ တစ်စိတ်တစ်ဒေသအဖြစ် မြန်မာတွင် ဒီမိုကရေစီ မူလအတိုင်း ပြန်လည်ဖော်ဆောင်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေးအတွက် အများက တောင်းဆိုထားကြသည်။

“ဒီ ကြားနာအမှုစစ်ဆေးမှုတွေဟာ လျော်ကန်ထိုက်သင့်တဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းအပေါ် လေးစားမှု မရှိဘဲ ဒါမှမဟုတ် လိုအပ်တဲ့ တရားရေး အာမခံချက်တွေ မရှိဘဲ လုပ်နေခဲ့တာ ဖြစ်ပြီး ဒါတွေဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရတဲ့ ခေါင်းဆောင်တွေကို မြန်မာ့နိုင်ငံရေးလောကထဲကနေ ဖယ်ထုတ်ဖို့ ကြိုးစားတဲ့ လုပ်ရပ်တစ်ခု ဖြစ်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ယခုနောက်ဆုံးအမှု ပြီးနောက် ဘရက်ဆဲလ်ရှိ အီးယူ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနှင့်ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ၂၀၂၂ ၊ ဒီဇင်ဘာတွင် အတည်ပြုသည့် ပထမဆုံး ဆုံးဖြတ်ချက်ထဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် အာဏာသိမ်းစစ်အုပ်စုကို တောင်းဆိုထားသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ကြားနာထားခဲ့သမျှ အရေးအကြီးဆုံးသော အမှုအတွက် ပြင်ဆင်နေချိန် ထောက်ခံသူများက ဘေးစည်းမှ စိတ်ရှည်လက်ရှည် ရပ်စောင့်နေစဉ် လက်ရှိအချိန်တွင် ယင်းက ကြိုးရှည်ရှည်နှင့် လှန်ထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly