ထားဝယ်တွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ် ၂ ခု တိုက်ခိုက်ခံရ 

By ကိုရွှေမြိတ်(မဇ္ဈိမ)
25 April 2023
ထားဝယ်တွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ် ၂ ခု တိုက်ခိုက်ခံရ 

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်နှစ်ခုကို ဧပြီလ ၂၃ ရက်နေ့က တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
တိုက်ခိုက်ခံခဲ့ရသည့် စစ်ဆေးရေးဂိတ်နှစ်ခုမှာ ရန်ကုန်-ထားဝယ် ကားလမ်းပေါ်ရှိ ဘုရားမဲဂိတ်နှင့် ပကာရီ ကျေးရွာအုပ်စု၊ မဲချောင်းကျေးရွာအနီးတွင် ဂိတ်ချတပ်စွဲထားသည့် စစ်ကောင်စီတပ် စခန်းငယ်တို့ဖြစ်ကြ သည်။

အဆိုပါစခန်းနှစ်ခုကို မဟာမိတ်ပူးပေါင်းအဖွဲ့များက လက်နက်ကြီးလက်နက်ငယ်များဖြင့် သွားရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁၅ ဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထားဝယ်ခရိုင် တပ်ရင်း (၁) က ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဘက်မှ  ရဲဘော် ၁၇ ဦး ထိခိုက်ဒဏ်ရာ ရှိခဲ့ကာ တစ်ဦးဒဏ်ရာပြင်းထန်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တိုက်ခိုက်မှုကို ထားဝယ်ခရိုင် တပ်ရင်း(၁)မှ ဗိုလ်ကျော်ကြီးဦးဆောင်သော စစ်ကြောင်း၊ Drone တပ်ဖွဲ့၊  ဥဩစစ်ကြောင်း၊ DGRF ၊ Aline Force ၊ ဧဒင်မှူး၊ သံမဏိပျောက်ကြား-နဘယံတပ်ဖွဲ့တို့က ပြုလုပ်ခဲ့ခြင်း ဟု သိရသည်။

ထိုအတူ ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာအုပ်စု၊ မဲချောင်းကျေးရွာအနီး၌ တပ်စွဲဂိတ်ချထားသည့် စစ်ကောင်စီတပ်စခန်းငယ်တစ်ခုကို ဧပြီလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်တွင် ထားဝယ်စုပေါင်း စစ်ကြောင်း (Dawei Collective Column) နှင့် ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် (တပ်ရင်း-၁) တို့ ပူးပေါင်းပြီး ၄၀ မမ၊ ၆၀ မမ၊ ၈၀ မမ ဗုံးသီးများ၊ လက်နက်ငယ်များဖြင့် သွားရောက် ပစ်စ်ခတ်ရာ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့သေးကြောင်း ထားဝယ်စုပေါင်း စစ်ကြောင်းထံမှ သိရ သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly