ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီရေယာဉ်အုပ်ကို ဟန့်တားတိုက်ခိုက်စဉ် ကာကွယ်ရေးရဲဘော် ၁ဦးကျဆုံး၊ ၂ဦး ဒဏ်ရာရ

By လွှမ်းမိုး (မဇ္ဈိမ)
12 September 2023
ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီရေယာဉ်အုပ်ကို ဟန့်တားတိုက်ခိုက်စဉ် ကာကွယ်ရေးရဲဘော် ၁ဦးကျဆုံး၊ ၂ဦး ဒဏ်ရာရ
ရဲဘော်ထက်ဝေနိုင်၏ ဈာပနမြင်ကွင်း (Photo-CJ)

ကနီမြို့နယ်၊ အုန်းပင်ဆိပ်ကျေးရွာအနီး ချင်းတွင်းမြစ်ကြောင်းတွင် စစ်ကောင်စီရေယာဉ် အုပ်စုကို ဒေသကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်စဉ် လက်နက်ကြီးကျည်ထိမှန်ပြီးဒေသကာကွယ်ရေး ရဲဘော်တဦး ကျဆုံးသွားခဲ့‌သည်။

စစ်ကောင်စီတပ်ရေယာဉ် အုပ်စုကို ယမန်နေ့ စက်တင်ဘာ ၁၁ ရက် နေ့လည် ၁ နာရီအချိန်တွင်ဒေသကာကွယ်ရေးတပ်ဖွဲ့များကစောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဟု   ဗိုလ်နှုတ်ခမ်းမွှေးတပ်ဖွဲ့ထံမှ သိရသည်။

ဗိုလ်နှုတ်ခမ်းမွှေးက “ ရှေ့ထွက်ပြောင်းတိုက်တွေ ၊ လက်နက်ငယ်တွေနဲ့ စောင့်ကြို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စစ်တပ်က လေပေါ်ကွဲ လက်နက်အမျိုးအစားတွေသုံးပြီး တိုက်ခိုက်လာတာဖြစ်ပါတယ်" ဟု
ပြောသည်။

စစ်ကောင်စီတပ်က ပစ်သည့်လက်နက်ကြီးကျည် ထိမှန်မှုကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်ထက်ဝေနိုင်ဆိုသူ ထိခိုက်ဒဏ်ရာရခဲ့ပြီး ဆေးကုသနေစဉ်ကျဆုံးခဲ့ကြောင်း၊ ကာကွယ်ရေးရဲဘော်နှစ်ဦးလည်း အသေးစားဒဏ်ရာရခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

တိုက်ပွဲအတွင်း စစ်‌ကောင်စီဘက်မှထိခိုက်မှုအသေးစိတ်ကို မသိရသေးကြောင်း ဗိုလ်နှုတ်ခမ်းမွှေးက ဆိုသည်။ ရဲဘော်ထက်ဝေနိုင်သည် အသက် ၂၀ ခန့်သာရှိသေးပြီး ၎င်း၏ဈာပနကိုယမန်နေ့  ညနေပိုင်းတွင်  ပြုလုပ်ပြီးစီးခဲ့ကြောင်း သိရသည်။

စစ်ရေယာဉ်အုပ်စုတွင် စစ်သင်္ဘောနှစ်စီး၊ဖလပ်ခွံလေးစီး နှင့် အမြန်ရေယာဉ်တစီးပါဝင်သည်။ ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်သို့ ဆန်တက်နေပြီး မြစ်ကမ်းဘေးကျေးရွာများကို လက်နက်ကြီးများဖြင့်ပစ်ခတ်နေ၍  ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။ ယနေ့ နေ့လယ်တွင် ကနီမြို့ပေါ် ဆိပ်ကမ်းသို့ ရောက်ရှိနေ ‌ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါစစ်ရေယာဉ်အုပ်စုသည် ကနီမြို့သို့ မရောက်ခင်  ဆားလင်းကြီး၊ မုံရွာ၊ ယင်းမာပင်မြို့နယ်တို့တွင်လည်း  မြစ်ဘေးတလျှောက် ရမ်းသမ်းပစ်ခတ်မှုကြောင့် လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required