စစ်ကိုင်းမြို့နယ် ဒီပဲယင်းကွဲရွာကို စစ်ကောင်စီတပ် ၃ ကြိမ်မြောက်မီးရှို့ အိမ်ခြေ ၅၀၀ ခန့် မီးလောင်ဆုံးရှုံး

By KMN (မဇ္ဈိမ)
25 April 2023
စစ်ကိုင်းမြို့နယ် ဒီပဲယင်းကွဲရွာကို စစ်ကောင်စီတပ် ၃ ကြိမ်မြောက်မီးရှို့ အိမ်ခြေ ၅၀၀ ခန့် မီးလောင်ဆုံးရှုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဒီပဲယင်းကွဲရွာ (တပုရင်းကွဲရွာ) ကိုစစ်ကောင်စီတပ်က ဧပြီလ ၂၃ ရက်နေ့တွင် သုံးကြိမ်မြောက်မီးရှို့ သွားသည့်အတွက် အိမ်ခြေ ၅၀၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း စစ်ကိုင်းအခြေစိုက် လင်းယုန်နက် (SGG) အဖွဲ့တာဝန်ခံက ပြောသည်။

"ပြည်သူတွေရဲ့နေအိမ်တွေ မီးရှို့တဲ့အပြင် ဘုရား ကျောင်းကန်တွေထဲလည်း လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ ဒီပဲယင်းကွဲရွာဟာ ဒီတစ်ကြိမ်နဲ့ဆိုရင် မီးရှို့ခံရတာဟာ သုံးကြိမ်ရှိပါပြီ။ အိမ်ခြေ ၁,၀၀၀ ခန့်ရှိတာ ၅၀၀ လောက်မီးလောင်သွားတာ ကွင်းဆင်းစစ်ဆေးချက်အရ သိရတယ်"ဟု လင်းယုန်နက် (SGG) အဖွဲ့တာဝန်ခံက ဆိုသည်။

စစ်ကောင်စီတပ်စစ်ကြောင်းသည် ဧပြီလ ၂၁ ရက်နေ့မှာ စစ်ကိုင်းမြို့နယ်၊ အင်းစရွာနှင့် တောင်ကြားရွာကို စတင်မီးရှို့ခဲ့သည်။ 

ထို့အပြင် ဧပြီ ၂၂ ရက်နေ့နှင့် ၂၃ ရက်များတွင် အနီးအနားကို စစ်ကြောင်းဆက်ထိုးပြီး မူးသာကျေးရွာ၊ တောင်မြို့ရွာ၊ ရသစ်၊ ရထောင်ကျေးရွာနှင့် ဒီပဲယင်းကွဲကျေးရွာများကို ဆက်တိုက်မီးရှိူ့ဖျက်ဆီးခဲ့ပြီး ကျေးရွာ ခုနစ်ရွာခန့်က အိမ်ခြေ ၁,၀၀၀ နီးပါး မီးလောင်ဆုံးရှုံးခဲ့ကြောင်း လင်းယုန်နက် (SGG) အဖွဲ့က ထုတ်ပြန်သည်။

စစ်ကိုင်းမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်းမှာ ဒေသခံများကိုဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုပြီး ရွာစဉ်လှည့်မီးရှို့လျှက်ရှိနေသည်ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ကလည်းဧပြီလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ထားသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly