တလိုင်းကံဦးဘုန်းကြီးကျောင်းကို တိုက်လေယာဉ်ဖြင့်ပစ်ခတ်မှု သံဃာ ၁ ပါး အပါအဝင် ၄ ဦးသေဆုံး

By MTO(မဇ္ဈိမ)
12 August 2023
တလိုင်းကံဦးဘုန်းကြီးကျောင်းကို တိုက်လေယာဉ်ဖြင့်ပစ်ခတ်မှု သံဃာ ၁ ပါး အပါအဝင် ၄ ဦးသေဆုံး
ဓါတ်ပုံ-Wetlet Information Network

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် မြောက်ခြမ်း ၊ တလိုင်းကျေးရွာရှိ တလိုင်းကံဦး ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်ဖွဲ့က တိုက်လေယာဉ်ဖြင့်လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် သံဃာတော် တပါး ၊ ရှစ်လသား အရွယ်ကလေး တဦးနှင့် အမျိုးသမီး နှစ်ဦးတို့ သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။

ယမန်နေ့ ဩဂုတ်လ ၁၁ ရက် နံနက်အစောပိုင်းအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း Sagaing District Medical Team မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“လက်ရှိမှာ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေဆဲဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် ခြေလျင်စစ် ကြောင်းဖြင့်ပါ ကျေးရွာအတွင်းသို့ ဝင်ရောက်ခဲ့ပြီး ပြည်သူအချို့ကို ဖမ်းဆီးခဲ့ရာ ရွာသားတစ်ဦး သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။

“မြေပြင်စစ်ကြောင်းက ဖမ်းသွားတာ‌ကြောင့် နောက်ထပ် တလိုင်းရွာသားတစ်ဦး သေဆုံးပါတယ်။  နောက်ထပ် ဆယ်ယောက်ကျော်ဖမ်းပြီး ၀က်လက်မြို့နယ်ဘက်ကို ထွက်သွားပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။    

တလိုင်းကျေးရွာ မှ ဒေသခံများကို ဖမ်းဆီးသွားသော စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် ဝက်လက်မြို့နယ် အရှေ့တောင်ခြမ်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေကြောင်း Wetlet Information Network က ဖော်ပြထားသည်။

စာတည်း။        ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required