စစ်ကိုင်းမြို့တွင် စစ်ကောင်စီတပ်က ရပ်ကွက်များအတွင်း ၀င်ရောက်နေ၍ ပြည်သူများ စိုးရိမ်ထိတ်လန့်မှုဖြစ်

By 007 (မဇ္စျိမ)
11 November 2023
စစ်ကိုင်းမြို့တွင် စစ်ကောင်စီတပ်က ရပ်ကွက်များအတွင်း ၀င်ရောက်နေ၍ ပြည်သူများ စိုးရိမ်ထိတ်လန့်မှုဖြစ်
ပုံစာ စစ်ကိုင်းမြို့လယ်ရှိ မြို့မစျေးအား ယနေ့တွေ့ရစဉ်

စစ်ကိုင်းမြို့တွင်၊ စစ်ကောင်စီတပ်သားများက ရပ်ကွက်များထဲအထိ ၀င်ရောက်သောင်းကျန်းနေ၍ ပြည်သူများ စိုးရိမ်ထိတ်လန့်မှုဖြစ်နေကြကြောင်း ဒေသခံများကပြောသည်။

အဖွဲ့တဖွဲ့လျင်၊ ပျူစောထီးနှင့်စစ်ကောင်စီတပ်သားအင်အား ၁၀ ယောက် ၀န်းကျင်ခန့်ပါသော စစ်ကောင်စီတပ်က စစ်ကိုင်းမြို့ပေါ်ရပ်ကွက်များသို့ ညစဉ်ညတိုင်း ၀င်ရောက်သောင်းကျန်းနေခြင်းဖြစ်ကြောင်း သိရသည်။

“ပြီးခဲ့တဲ့နှစ်ရက်လောက်ကစပြီး၊ စကစတွေက ရပ်ကွက်တွေထဲအထိ ၀င်၀င်ပစ်တယ်၊ အဲဒီမှာ လူတွေကကြောက်လန့်ပြီး အပြင်မထွက်ရဲကြတော့ဘူး၊ မနက်ပိုင်းနဲ့ညနေပိုင်းတွေမှာ နည်းနည်းသွားသွားလာလာရှိတယ်၊ မိုးချုပ်ရင်တော့ ဘယ်သူမှအိမ်အပြင်မထွက်ရဲကြတော့ဘူး” ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် ဒေသခံအမျိုးသမီးတဦးကပြောသည်။

“ကျောင်းတွေမှာ ဆရာမတွေပဲရှိတော့တယ်၊ ဘယ်မိဘကမှ ကလေးကို ကျောင်းမပို့ကြတော့ဘူး၊ ညဆိုရင် ၇ နာရီကျော်လောက်ပဲရှိသေးတယ်၊ ရပ်ကွက်ထဲ အကုန်တိတ်ဆိတ်သွားတယ်” ဟု နောက်ထပ် ဒေသခံတဦးကလည်းပြောသည်။

ယနေ့ နို၀င်ဘာ ၁၁ ရက်နေ့တွင် ထွက်ပေါ်လာသည့်သတင်းများအရ၊ စစ်ကိုင်းမြို့အထွက် စစ်ကောင်စီ၏တပ်မ( ၃၃ )အနီး၀န်းကျင်ရှိ နေအိမ်များအား၊ ပြောင်းရွှေ့စေခိုင်းထားကြောင်း သိရပြီး၊ ထိုကိစ္စနှင့်ပတ်သက်၍ စစ်ကိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုထံ မဇ္စျိမက ဆက်သွယ်မေးမြန်းကြည့်ရာ “ဒီကိစ္စနဲ့ပတ်သက်ပြီး မပြောလိုသေးဘူး၊ မရွှေ့ခိုင်းရင်တောင် ရွှေ့သင့်ပါတယ်” ဟု ပြန်ဖြေသည်။

စစ်ကိုင်းမြို့ ပျူကန်၊ ကျောက်ဆစ်၊ ဇီးချောင်း၊ ကောင်းမှုတော်အစရှိသည့်၊ စစ်ကိုင်းတပ်မ( ၃၃ )အနီး ၀န်းကျင်ရပ်ကွက်များအား ပြောင်းရွှေ့စေခိုင်းထားခြင်းဖြစ်ကြောင်း သိရသည်။

“တပ်မ( ၃၃ )နောက်ကျောတွေရော၊ နောက်ပြီးတော့ ရွှေမင်းဝံရပ်ကွက်လည်းပါတယ်၊ ပျူကန်၊ ကျောက်ဆစ်၊ ဇီးချောင်း၊ ကောင်းမှုတော်၊ နောက်ပြီးတော့ ကောင်းမှုတော်ရှေ့လမ်း ဘေးဝဲယာက နေအိမ်တွေလည်းပါတယ်၊ မနေ့ည(နို၀င်ဘာ ၁၀ ရက်)က စရွှေ့ခိုင်းတာ” ဟု အမည်မဖော်လိုသူစစ်ကိုင်းသတင်း ရင်းမြစ်ကပြောသည်။

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့တွင်၊ ပြီးခဲ့သည့် နို၀င်ဘာလ ၅ ရက်နေ့က၊ အုန်းတောတိုက်နယ်အတွင်းရှိ အမှတ်(၆၀၀၅)တင့်ကားတပ်နှင့် ကံတလူတိုးဂိတ်ရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ် ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က အသေအပျောက်ရှိကြောင်း တိုက်ပွဲတွင်ပါ၀င်ခဲ့သည့်တော်လှန်ရေး အဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

ထို့အပြင်၊ နို၀င်ဘာလ ၇ ရက်နေ့တွင်လည်း၊ မာလဲတောကျေးရွာ (တော်လှန်ရေးအင်အားစုများက ပျူရွာဟုသတ်မှတ်ထား) မှ ထွက်ခွာလာသော စစ်ကောင်စီတပ်၏ယာဉ်တစီးနှင့် ဆင်တပ်ကျေးရွာ(ပျူရွာဟုဆို) ထွက်ခွာလာသော စစ်ကောင်စီတပ်၏ယာဉ်တစီးတို့လည်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသေးသည်။

အဆိုပါတိုက်ခိုက်ခံရမှုတွင်၊ စစ်ကောင်စီဘက်ကနှစ်ဦးသေပြီး ငါးဦးထက်မနည်းဒဏ်ရာရကြောင်း၊ အလားတူ နို၀င်ဘာလ ၈ ရက်နေ့ကလည်း၊ အုန်းတောတိုက်နယ် ပန်းချီကျေးရွာကို မွှေနှောက်ဖျက်ဆီးပြီး ပြန်ထွက်လာသော စစ်ကောင်စီတပ်၏ယာဉ်နှစ်စီးကို၊ တော်လှန်ရေးတပ်ဖွဲ့များပူးပေါင်းပြီး၊  အုန်းတော-ပန်းချီ လမ်းပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သေးကြောင်း၊ ထိုတိုက်ခိုက်မှုတွင်လည်း စစ်ကောင်စီဘက်က အထိအခိုက်အသေအဆုံးရှိကြောင်း၊ အဆိုပါတိုက်ခိုက်မှုများအား စစ်ကိုင်းမြို့နယ် ပကဖတပ်ဖွဲ့နှင့် Phoenix(SGG)၊ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့၊ Royal Falcon Guerrilla Force၊ Fight For Federal၊ MMUPDF၊ အညာသားလေး(SGG)၊ စစ်ကိုင်းခရိုင်တပ်ရင်း(၇)နှင့် နယ်မြေခံ ပကဖတပ်ဖွဲ့များကလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ သတင်းထုတ်ပြန်ချက်များအရသိရသည်။

စစ်ကိုင်းမြို့တွင်၊ ပြီးခဲ့သည့်အောက်တိုဘာလလယ်ခန့်မှ ယနေ့အထိ၊ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစု(ပြည်သူ့ကာကွယ်ရေးတပ်)တို့အကြား၊ တကျော့ပြန်တိုက်ပွဲများပြန်လည်ဖြစ်ပွားနေသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required