ကျိုက်မရောတွင် ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွား

By YT(မဇ္ဈိမ)
11 November 2023
ကျိုက်မရောတွင် ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွား
ပုံအညွှန်း- ချောင်းနှစ်ခွ အတ္ထရံတံတား

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အစပ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာနှင့် တောင်ကလေးကျေးရွာတွင် ယမန်နေ့ နိုဝင်ဘာလ ၁၀ ရက်နေ့မှစ၍ တိုက်ပွဲစတင်ဖြစ်ပွားနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံက သတင်းရရှိသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၀ ရက်နေ့၊ နံနက် ၄ နာရီမှစ၍ ကျိုက်မရောမြို့၊ ချောင်းနှစ်ခွကျေးရွာရှိ ရဲစခန်း၊ တပ်စခန်းတို့အား တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များက မြေပြင်မှ ဝိုင်းထားရုံတင်မက ဒရုန်းဖြင့်ပါ ဗုံးသီးများ ကြဲချတိုက်ခိုက်ရာမှ နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းအထိ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

" မနေ့ မနက် ၄ နာရီလောက်ကတည်းက စတာ။ ဒီဘက်က ပူးပေါင်းတပ်ဖွဲ့တွေက ချောင်းနှစ်ခွတံတားထိပ်၊ ရဲစခန်း၊ တပ်စခန်းတွေကို မြေပြင်ကနေ ဝိုင်းထားပြီးတော့ ဒရုန်းတွေနဲ့ ရှယ်စော်တာ။ စကောက်ဒရုန်းကနေ (Scout Drone) စစ်* တွေ ရဲတွေ ထွက်ပြေးတာကို အတိုင်းသား မြင်နေရတယ်။ စကစက လေကြောင်းကနေ လာလိုက်တော့ စခန်းမသိမ်းနိုင်ခဲ့ဘူး၊ ဒီနေ့တော့ မနက်ပိုင်း ချောင်းနှစ်ခွနဲ့ တောင်ကလေးကြားမှာ ထပ်ဖြစ်တယ်"ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

တိုက်ပွဲအခြေအနေအား မြေပြင်ရှိ ရဲဘော်များ၊ တပ်မှူးများထံ ဆက်သွယ်မေးမြန်းထားသော်လည်း လုံခြုံရေးအရ လက်တလော ပြောပြ၍ မရနိုင်သေးကြောင်း ဆိုသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားရာနေရာတဝိုက်သို့ ယမန်နေ့ နိုဝင်ဘာလ ၁၀ ရက်နေ့၊ နံနက် ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က Mi-35 ရဟတ်ယာဉ်နှစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သေးပြီး တောင်ကလေးစစ်ကောင်စီတပ်စခန်း၊ မုဒုံမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းတို့မှ နီးစပ်ရာကျေးရွာများဘက်သို့ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှု အလုံးရေ ၃၀ ထက်မနည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

" ၉ ရက်နေ့ ညသန်းခေါင်ကျော်ကတည်းက စပစ်တာ၊ အလုံး ၃၀ ကျော်တယ်။ အံဖကြီးဘက်မှာ အမျိုးသမီးတယောက်၊ အံဖလေးမှာ အမျိုးသားတယောက် ထိထားတယ်။ ဘယ်သူမှ အပြင်မထွက်ရဲကြဘူး။ အကုန်အိမ်အောက်တွေမှာပဲ ငြိမ်နေရတာ။ ချောင်းနှစ်ခွ- ကြာအင်းဆိပ်ကြီးလမ်းကလည်း ပိတ်ထားတယ်" ဟု ဒေသတွင်း သတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။

လက်နက်ကြီးထိမှန်၍ ဒေသခံနေအိမ်ငါးလုံး ပျက်စီးထားပြီး ဒေသခံအမျိုးသမီးတဦးနှင့် အမျိုးသားတဦး ထိမှန်ဒဏ်ရာရထားကြောင်း သတင်းရင်းမြစ်က ပြောသော်လည်း မဇ္ဈိမအနေဖြင့် အတည်ပြုနေဆဲဖြစ်သည်။

လက်ရှိတွင် တိုက်ပွဲဖြစ်ပွားတော့ခြင်း မရှိတော့သော်လည်း မုဒုံ- ချောင်းနှစ်ခွ- ကြာအင်းဆိပ်ကြီး လမ်းမအား အန္တရာယ်များ၍ အသုံးမပြုကြရန် ဒေသခံများက လူမှုကွန်ရက် စာမျက်နှာများမှတဆင့် သတိပေးနေကြသည်ကို တွေ့ရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required