ကျောက်တံခါးမြို့နယ် နံဇကျေးရွာတွင် စစ်ကောင်စီတပ်၏မီးရှို့မှုကြောင့် နေအိမ် ၁၀၃ လုံး ဆုံးရှုံး

By ရွှေနွယ်( မဇ္ဈိမ )
14 August 2023
ကျောက်တံခါးမြို့နယ် နံဇကျေးရွာတွင် စစ်ကောင်စီတပ်၏မီးရှို့မှုကြောင့် နေအိမ် ၁၀၃ လုံး ဆုံးရှုံး

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် နံဇကျေးရွာတွင် စစ်ကောင်စီတပ်၏မီးရှို့ဖျက်ဆီးမှုများကြောင့် နေအိမ် ၁၀၃ လုံး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် နံဇကျေးရွာအား ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့မှစတင်ကာ မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ပြီး ဩဂုတ် ၁၃ ရက်နေ့အထိ နေအိမ် ၁၀၃ လုံး မီးလောင်ခဲ့ရခြင်းဖြစ်သည်။

ဇူလိုင်လအတွင်း နေအိမ်ခုနစ်လုံး မီးလောင်ဆုံးရှုံးခဲ့ရကာ ကျေးရွာအတွင်းအထိုင်ချ၍ ဆက်လက်မီးရှို့နေ ခြင်းဖြစ်ကြောင်း ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှသိရသည်။

“ဇူလိုင်လမှာ အိမ်ခုနစ်လုံး၊ ဆက်ရှို့လာတာ ဩဂုတ်လ ၁၃ ရက်နေ့အထိ ၁၀၃ လုံးရှိပြီ” ဟု ကျောက် တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တာဝန်ရှိသူက အတည်ပြုပြောသည်။

ထို့ပြင် ကျေးရွာအတွင်း တပ်စွဲထားသောစစ်ကောင်စီတပ်က အဘိုးအိုတဦးနှင့် စိတ်ကျန်းမာရေးမကောင်း သူတဦးကိုလည်း သတ်ဖြတ်ခဲ့ကြောင်းဆိုသည်။ သို့သော် ဖြစ်စဉ်အသေးစိတ်နှင့် အမည်၊ အချက်အလက် များကိုမူ မဇ္ဈိမအနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။

လက်ရှိတွင် ကျောက်တံခါးမြို့နယ်အတွင်း စစ်ရေးတင်းမာနေပြီး လက်နက်ကြီးများနှင့် စစ်ကြောင်းထိုးမှု များကြောင့် ဒေသခံ ၁၀,၀၀၀ ခန့် စစ်ရှောင်နေရသည်။

“ရွာနား ထိတွေ့မဖြစ်ရင် ဝင်နေလိုက်၊ ဖြစ်ရင် ရှောင်လိုက်နဲ့ စုစုပေါင်း အကြမ်းဖျဉ်း စစ်ရှောင် ၁၀,၀၀၀ လောက်ရှိပါတယ်” ဟု  ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ဆက်လက် ပြောကြားသည်။

စစ်ရှောင်များသည် နံဇ၊ သမင်အင်းကုန်း၊ တောင်ခင်၊ ကညင်ကျိုး၊ ဗောဓိကွင်းကျေးရွာအုပ်စုတို့မှဖြစ်ပြီး မြို့နယ်အတွင်းမှစစ်ရှောင်ပြည်သူများနှင့် နံဇကျေးရွာမှစစ်ရှောင်ပြည်သူများအား ဝိုင်းဝန်းစောင့်ရှောက် ကူညီပေးကြပါရန်လည်း ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မေတ္တာရပ်ခံထားသည်။

ကျောက်တံခါးမြို့နယ်တွင် ဇူလိုင်လ ၁၉ ရက်နေ့က KNLA ၊ PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ် တို့အကြား တိုက်ပွဲပြင်းထန်ပြီးနောက် အထိနာခဲ့သည့်စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒေသခံများပိုင်ဆိုင်သည့်နေအိမ်များကို မီးရှို့နေခြင်းဖြစ်သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly