ကျောက်တံခါးတိုက်ပွဲ ဗိုလ်ကြီးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်  ၄၁ ဦးသေဆုံးဟု MOD ထုတ်ပြန်

By ရွှေနွယ်( မဇ္ဈိမ )
24 July 2023
ကျောက်တံခါးတိုက်ပွဲ ဗိုလ်ကြီးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်  ၄၁ ဦးသေဆုံးဟု MOD ထုတ်ပြန်
KNLA/PDF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များ  Photo - NUG/MOD Facebook

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်တွင် ဇူလိုင်လ ၁၉ရက်က ဖြစ်ပွားသော တိုက်ပွဲအတွင်း   စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁ ဦးသေဆုံးကာ ၄၀ ဦးဒဏ်ရာရရှိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ၊ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ပြည်သူ့ကာကွယ်ရေးတပ်မတော်၊စစ်ရုံးချုပ်ယနေ့ ဇူလိုင်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ထုတ်ပြန်သည်။

စစ်ကောင်စီတပ်၊ ရဲနှင့်ပျူစောထီးပူးပေါင်းအင်အား ၄၀၀ ခန့်သည်  ဇူလိုင်လ ၁၉ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်က ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာအနီးသို့ စစ်ကြောင်းနှစ်ကြောင်းခွဲဝင်ရောက်လာခဲ့ရာ  ည ၁၂ နာရီအချိန်ခန့်မှစတင်ပြီး  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မဟာမိတ် ပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲဖြစ်ပွားချိန် ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ၃၃ ဦး နေရာတွင်ပင်သေဆုံးကာ တပ်ရင်းမှူးအပါအဝင် ၄၈ ဦးကိုထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ ၄၈ ဦးကိုတောင်ငူဆေးရုံ၌ ကုသနေစဉ် ရှစ်ဦးထပ်မံသေဆုံးသွားကြောင်း MOD က ထုတ်ပြန်ထားသည်။ ထို့ကြောင့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်တွင် စုစုပေါင်း ၄၁ ဦးသေဆုံးခဲ့သည်ဟု MOD ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယနေ့ ဇူလိုင်လ ၂၄ရက်နံနက်အထိ ရရှိသော သတင်းများအရ စစ်ကောင်စီဘက်တွင် ၄၁ဦးအထိသေဆုံးကြောင်း အမှတ်(၂)စစ်ဒေသခွဲ(ပဲခူးတိုင်း) ဒုတိယစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက‌ ထပ်မံအတည်ပြုပြီး စစ်ရေးအရှိန်မြှင့်နေသည့်ကာလတွင် ပြည်သူများအနေဖြင့် လုံခြုံရေးပိုမိုသတိပြုရန်နှင့်ပိုမိုပူးပေါင်းပါဝင်ပေးရန်  တိုက်တွန်း‌ပြောကြား
သည်။

အဆိုပါတိုက်ပွဲတွင် KNLA/PDF မဟာမိတ် ပူးပေါင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု MOD က ထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သည် ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့်တွင် နံဇရွာအားစတင်မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။  နေအိမ် ခုနစ်လုံးမီးလောင်ပျက်စီးကာ ဒေသခံ ပြည်သူနှစ်ဦးကိုလည်း မီးရှို့သတ်ဖြတ်သွားသည်ဟုကျောက်တံခါးမြို့မှ မြေပြင်သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

ထို့ပြင် ဇူလိုင်လ ၂၂ ရက်နှင့်ဇူလိုင်လ ၂၃ ရက်နေ့ တွင် နံဇကျေးရွာကို စစ်ကောင်စီတပ်က ထပ်မံမီးရှို့ဖျက်ဆီးပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင်ပစ္စည်းများအား ယူဆောင်သွားကြောင်း ဒေသခံသတင်းရင်းမြစ်အချို့ကပြောသည်။

“ရွာသူရွာသားအားလုံးက ဘေးလွတ်ရာကိုရှောင်နေကြရတာပါ။ ပြည်သူပိုင်ပစ္စည်းတွေကို သူတို့စိတ်ကြိုက်ယူပြီး ကျန်နေတဲ့အိမ်တွေကိုမီးဆက်ရှို့တာပါ” ဟု ကျောက်တံခါးမြို့ မြေပြင်သတင်းရင်းမြစ်မှပြောသည်။

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုများကြောင့် မီးလောင်သည့် နေအိမ်အရေအတွက်နှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

နံဇကျေးရွာသည် ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ ကျား ၁၃၁၇ ဦး၊ မ ၁၄၂၂ ဦး စုစုပေါင်း ၂၇၃၉ ဦးနေထိုင်နေ့သည့် ကျေးရွာဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်၏မီးရှို့ဖျက်ဆီးမှုနှင့် လက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်နေမှုများကြောင့် နံဇကျေးရွာအပါအဝင် ကျောက်တံခါးမြို့နယ်အရှေ့ဘက်ကျေးရွာများမှ ပြည်သူ ၅,၀၀၀ ခန့်သည် စစ်ဘေးတိမ်းရှောင်နေကြရကြောင်းသိရှိရသည်။

စာတည်း - မောင်ကြီး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required