တနင်္သာရီမြို့အခြေစိုက် (၅၅၈) ခြေမြန်တပ်ရင်းကို KNLAနှင့်PDF ဒရုန်းဖြင့်တိုက်ခိုက်

By ကိုရွှေမြိတ်(မဇ္ဈိမ)
12 October 2023
တနင်္သာရီမြို့အခြေစိုက် (၅၅၈) ခြေမြန်တပ်ရင်းကို KNLAနှင့်PDF ဒရုန်းဖြင့်တိုက်ခိုက်
ဓါတ်ပုံ - လေ့ကျင့်ရေးနှင့်နည်းပညာဌာန၏မောင်းသူမဲ့ဒရုန်းတပ်ဖွဲ့ (Dragon Squad) ပုံ

တနင်္သာရီမြို့အခြေစိုက်၊ အမှတ် (၅၅၈) ခြေမြန် တပ်ရင်းကို ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်(KNLA) နှင့်တနင်္သာရီတိုင်းစစ်ဆင်ရေးဌာန လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်။

အမှတ် (၅၅၈) ခြေမြန်တပ်ရင်းကို အောက်တိုဘာလ ၁၀ ရက် နံနက် ၁၁ နာရီနှင့်ညနေ၃ နာရီခွဲတွင် ဒရုန်းဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး ပစ်မှတ်အား ထိမှန်ခဲ့၍ စစ်ကောင်စီဘက်တွင် ထိခိုက်မှုများရှိနိုင်ကြောင်းတနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေး အဖွဲ့ကထုတ်ပြန်ထားသည်။

“စစ်ကောင်စီဘက်က တော်လှန်ရေးနယ်မြေတွေကို ဦးတည်ချက်ထားပြီးစစ်ကြောင်းထိုးတာတွေ လုပ်လာတယ်။  စစ်ကြောင်းထိုးလာတယ်ဆိုရင် သူတို့ရဲ့ ခြေကုပ်တပ်ရင်း တပ်ဖွဲ့‌တွေကို အသေချာကာကွယ်နိုင်ပြီလားဆိုတဲ့ မေးခွန်း ရှိလာတယ်ပေါ့။ ဒါကို စမ်းသပ်တဲ့အနေနဲ့ တပ်ရင်းကို ဦးတည်ပြီး တိုက်ခိုက်တာ" ဟု တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူစတားက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို  KNLA တပ်ရင်း (၁၁)၊ တနင်္သာရီတိုင်းစစ်ဆင်ရေးဌာန၏ လက်ရုံးတပ်ဖွဲ့၊ လေ့ကျင့်ရေးနှင့်နည်းပညာဌာန၏မောင်းသူမဲ့ဒရုန်းတပ်ဖွဲ့ (Dragon Squad)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင်တပ်ရင်း (၂)၊တပ်ခွဲ (၂)၊ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခြင်းဟုသိရသည်။

စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း  ပူးပေါင်းအဖွဲ့ဘက်မှထိခိုက်မှုမရှိကြောင်း စတားကဆိုသည်။

တနင်္သာရီမြို့နယ်အပြင်တိုင်းအတွင်း စစ်ရေးတင်းမာနေသည့် မြို့နယ်များ၌  ပြည်သူများအနေဖြင့် တော်လှန်ရေးမဟာမိတ်အဖွဲ့များထုတ်ပြန်ထားသည့် စစ်ရေးဆိုင်ရာအသိပေးချက်များကို လိုက်နာပေးရန် တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးထားသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly