ကလေးဝမြို့နယ် ကျေးရွာ ၂ ရွာမှ နေအိမ် ၁၀၀ ကျော် စစ်ကောင်စီတပ် မီးရှို့

By လွှမ်းမိုး(မဇ္ဈိမ)
29 July 2023
ကလေးဝမြို့နယ် ကျေးရွာ ၂ ရွာမှ နေအိမ် ၁၀၀ ကျော် စစ်ကောင်စီတပ် မီးရှို့

စစ်ကိုင်းတိုင်း ၊ ကလေးဝမြို့နယ် မြောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ဂဇက်ကျေးရွာနှင့် အုန်းပင်စု ကျေးရွာများမှ နေအိမ် ၁၁၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

" ယခင်အိမ်ခြေ ၁၂၆ လုံးရှိသည့် ဂဇက်ကျေးရွာကို ဇူလိုင်လ ၂၆ ရက်နေ့ နေ့လယ်ပိုင်း ၁ နာရီခန့်တွင် ဝင်ရောက်၍ နေအိမ် ၈၉ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ၊ ယခင် အိမ်ခြေ ၆၀ ခန့်ရှိသည့် အုန်းပင်စု ကျေးရွာကိုတော့ ဇူလိုင်လ ၂၇ ရက် နံနက် ၈ နာရီ အချိန်တွင် ဝင်ရောက်ပြီး နေအိမ် ၂၄ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်တယ်” ဟု မီးလောင်အိမ်ခြေ စာရင်းပြုစုနေသည့် ဒေသခံ တစ်ဦးက ရှင်းပြသည်။

ထိုကဲ့သို့ မီးရှို့ခံရသည့် အခြေအနေများနှင့်ပတ်သက်ပြီး
 “ ဂဇက် ကျေးရွာအနီးမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ် အထိအခိုက်များခဲ့သည့်အတွက် ဂဇက်ကျေးရွာဘက်ကို ပြန်ဆုတ်ပြီး ရွာကို မီးရှို့သွားတာ ဖြစ်ပါတယ်။ ရွာကိုတော့ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ရွာက တာဝန်ရှိသူတွေက လွဲရင် ဘယ်သူမှ မပြန်ရသေးဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက ဆိုသည်။

ကလေးဝမြို့နယ် မြောက်ခြမ်းတွင် စစ်ကောင်စီ၏ ခမရ(၃၀၉)နှင့် ခမရ(၂၇၂)တပ်ရင်း နှစ်ခုပေါင်းပြီး စစ်အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်းကြောင့် ဂဇက် ၊ အုန်းပင်စု နှင့် ဘလက်သာ ကျေးရွာများမှ ဒေသခံပြည်သူ ၁,၀၀၀ ခန့် စစ်ရှောင်နေရကြောင်းလည်း သိရသည်။

“ကျမတို့ ဆီက စစ်ကိုင်းတိုင်း အထက်ပိုင်းမှာဆိုတော့ မိုးကလည်း မပြတ်ဘူး၊ အမြဲရွာနေတာ ဖြစ်ပါတယ်။ တောလျှိုတွေကြား ရှောင်ရတာဆိုတော့ မိုးကာတွေလည်း လုံလုံလောက်လောက် မရှိတော့ နေဖို့ကို အခက်အခဲတွေ ဖြစ်နေတာပါ။ တချို့ကတော့ နီးစပ်ရာ ကျေးရွာတွေကို ရှောင်နေကြရတယ်” ဟု စစ်ရှောင်ဒေသခံ တစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်က အုန်းပင်စုကျေးရွာကို မီးရှို့ခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ် မီးရှို့ခံရမှုမှာ နေအိမ် ငါးလုံးမီးလောင်ပြာကျခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required